ရေချိုးခန်းကြမ်းပြင်ပေါ်က ဘုရားသခင်
သူမရဲ့ အသက်(၂၀)ကျော်အရွယ်မှာ ရင်သားကင်ဆာ (အဆင့်-၃)ကို ခံစားခဲ့ရတယ်။ (၁၀)လလောက် ကုသမှုခံယူပြီးနောက်မှာ ရင်သားကင်ဆာကို တွန်းလှန်နိုင်ခဲ့တယ်။ ဒါပေမယ့် (၂)နှစ်အတွင်းမှာပဲ အဆုတ်၊ ကျောရိုးနဲ့ အသဲကင်ဆာကိုလည်း ဆက်လက်ခံစားခဲ့ရပြီး အသက်ရှင်ဖို့ အခွင့်အရေး (၂%)သာ ရှိခဲ့တယ်။ နောက်(၆)လလောက်ပဲ နေရတော့မယ်လို့ ဆရာဝန်တွေက သူမကို ပြောခဲ့တယ်။ ကင်ဆာတိုက်ပွဲဝင်နေရချိန်မှာ (၅)နှစ်ကြာ အတူလက်ထပ်ပေါင်းသင်းခဲ့တဲ့ ခင်ပွန်းသည်ကလည်း သူမကို စွန့်ခွာသွားခဲ့တယ်။
ဒီအမျိုးသမီးဟာ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ American Got Talent ပြိုင်ပွဲမှာ သူမရဲ့ဘ၀အကြောင်း သူမကိုယ်တိုင်ရေးစပ်ဆိုထားတဲ့သီချင်းနဲ့ သီဆိုပြိုင်ပွဲဝင်ရင်း Simon ပေးတဲ့ Golden Buzzer ဆုကို ရရှိခဲ့ပါတယ်။ သူမဟာ အမေရိကန်သူ Jane Marczewski ဖြစ်ပြီး၊ Nightbirde လို့ အနုပညာနာမည်ပေးထားတယ်။ သူမက ပြောခဲ့တယ်၊ “၂% ရာခိုင်နှုန်းဆိုတာ သုညရာခိုင်နှုန်းမှ မဟုတ်တာ။ ၂% ဆိုတာ ဘယ်လောက်အံ့ဩဖို့ကောင်းတဲ့အရာဖြစ်လဲဆိုတာ လူတွေကို ကျွန်မသိစေချင်တယ်”
တကယ်တော့ ကင်ဆာဝေဒနာပြင်းပြင်းထန်ထန်ခံစားရချိန်တွေမှာ သူမဟာ အခုလို အမြဲအကောင်းမြင်နိုင်ခဲ့တာတော့ မဟုတ်ခဲ့ပါဘူး။ ရေချိုးခန်းကြမ်းပြင်က တခါတရံ သူမအိပ်စက်လေ့ရှိတဲ့နေရာဖြစ်လာတယ်။ အဲဒီ့မှာ သူမစိတ်ထဲရှိသလို အော်မယ်၊ ပေါက်ကွဲချင်တိုင်း ပေါက်ကွဲမယ်၊ ရုပ်ဆိုးအကျည်းတန်စွာ နေချင်သလို နေလေ့ရှိတဲ့နေရာဖြစ်လာတယ်။ သူမကပြောတယ်...
“ဘုရားသခင်က ကျွန်မရဲ့အောက်ထပ်က အိမ်နီးချင်းလိုပဲ။ ဘုရားသခင်ဆီ ကျွန်မနေ့တိုင်း သွားတယ်။ တခါတလေ သီချင်းတွေနဲ့၊ တခါတလေ ပြစ်တင်ကျိန်ဆဲတဲ့စကားတွေနဲ့၊ တခါတလေ တောင်းပန်စကားတွေ၊ တခါတလေ လက်ဆောင်တွေ၊ မေးခွန်းတွေ၊ တောင်းဆိုမှုတွေနဲ့ ရောက်သွားတယ်”
သူ့ဘ၀မှာကြုံနေရတာတွေနဲ့ပတ်သက်ပြီး ဘုရားမှာ ဘယ်လိုအတွေးမျိုး၊ အစီအစဉ်မျိုးရှိနေတာကို သူနားမလည်နိုင်ပေမယ့်
ဘုရားဟာ သူနဲ့အတူရှိနေတာကိုတော့ သူအသေအချာသိနေတယ်လို့ သူမပြောခဲ့တယ်။