“ကျွန်မသေချာသိတာ တစ်ခုတော့ရှိတယ်။ နာကျင်ခံစားရတာတွေနဲ့ပတ်သက်လာရင် ဘုရားသခင်က နာကျင်မှုတွေကို ဖယ်ရှားပေးမယ့်အစား၊ နာကျင်မှုတွေနေရာမှာ တစ်ခုခုထပ်ဖြည့်ပေးတတ်တယ် ဆိုတာပဲ။ ဘုရားသခင်ဟာ ဖယ်ရှားပေးသူထက်၊ ဖြည့်ဆည်းပေးသူလို့ ကျွန်မထင်တယ်။ ကျွန်မဆီက အမှောင်တွေကို သူ မဖယ်ရှားခဲ့ဘူး၊ ဒါပေမယ့် အလင်းကို သူယူလာပေးတယ်။ ငတ်မွတ်မှုကို မရှောင်လွဲစေခဲ့ဘူး၊ ဒါပေမယ့် သောက်ဖို့ရေကိုယူလာပေးတယ်။ ကျွန်မရဲ့အထီးကျန်မှုကို မကုသပေးခဲ့ဘူး၊ ဒါပေမယ့် ကျွန်မအနားကို သူအရောက်လာခဲ့တယ်။ ဒါဆိုရင် နာကျင်မှုတွေခံစားနေရချိန်မှာ ဘုရားက အဝေးမှာရှိနေတယ်လို့ ဘာကြောင့်ကျွန်မတို့ ယုံကြည်နေကြဦးမှာလဲ”


ဘ၀မှာ ကိုယ်မျှော်လင့်ထားတာတွေ ဖြစ်မလာတာက ဆိုးပါတယ်။ ကိုယ်မမျှော်လင့်ထားတာတွေဖြစ်လာရင် ပိုဆိုးပါတယ်။ အဆိုးဆုံးကတော့ ကိုယ်မျှော်လင့်မထားသလို ကိုယ်မမျှော်လင့်ချင်တဲ့အရာတွေဖြစ်လာတာပါပဲ။ ဒီလိုအခြေအနေမျိုးကြုံရတဲ့အခါ ဘုရားကို စိတ်ပျက်မိတယ်၊ ဒေါသထွက်မိတယ်၊ ဒီလိုဆိုးရွားတဲ့ကံကြမ္မာမျိုးပေးရကောင်းလားဆိုပြီး ရေရွတ်ကျိန်ဆဲမိဖို့ လွယ်ကူတယ်။ 


Nightbirde ရဲ့ဖြစ်ရပ်နဲ့ ရင်တွင်းဖြစ်စကားတွေက “ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ စိတ်ရင်းခံစားချက်တွေကို စာနာနားလည်ပေးရုံသာမက ကျွန်တော်တို့ မမျှော်လင့်ထားတဲ့ သာလွန်ထူးမြတ်မှုတွေကိုလည်း ယူဆောင်ပေးတတ်သူဖြစ်ကြောင်း” ပြန်လည်အမှတ်ရစေပါတယ်။


သူမက ပြောခဲ့သေးတယ် “ကင်ဆာက ကျွန်မဘ၀ကို ဖျက်ဆီးဖြိုလှဲပစ်မယ်လို့ ကျွန်မထင်ခဲ့တယ်၊ တကယ်တော့ ကျွန်မကို ဘ၀အသစ်တစ်ခုအစပြုပေးလိုက်တာပါ” 


ထင်မှတ်မထားတဲ့ဖြစ်ရပ်နဲ့အကြောင်းချင်းရာတွေက ကျွန်တော်တို့ဘ၀ကို အဆုံးသတ်မြေမြုပ်ပစ်နေတယ်လို့ ကျွန်တော်တို့ခံစားရချိန်မှာ၊ အဲဒီ့အရာတွေအားဖြင့် ဘုရားသခင်က ထူးခြားကြီးမြတ်တဲ့အရာတစ်ခုကို အစပြုပေးနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးကြရအောင်။