"လောကမှာ ဘာကြောင့် ဆင်းရဲဒုက္ခနဲ့ နာကျင်မှုတွေ ရှိနေရတာလဲ"


Investigative journalist (စုံစမ်းစစ်ဆေးရေးသတင်းထောက်)လည်းဖြစ်၊ ထင်ရှားကျော်ကြားတဲ့စာရေးဆရာလည်း ဖြစ်သူ Lee Strobel က Barna Groupဆိုတဲ့ကမ္ဘာကျော်စစ်တမ်းလေ့လာရေးအဖွဲ့တစ်ဖွဲ့ကိုဌားရမ်းပြီးနိုင်ငံတဝှမ်းက လူရွယ်တွေကိုမေးခွန်းတစ်ခုမေးကာ လေ့လာမှုတစ်ခုလုပ်စေခဲ့ပါတယ်။


မေးခွန်းကတော့ “အကယ်၍ ဘုရားသခင်ကို စိတ်ကြိုက်မေးခွန်းတစ်ခုပဲ မေးခွင့်ရမယ်၊ ဘုရားသခင်ကလည်း အဲဒီမေးခွန်းကို ပြန်ဖြေပေးမှာ သေချာတယ်ဆိုရင် ဘုရားသခင်ကို သင်ဘာမေးချင်ပါသလဲ” ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလေ့လာမှုမှာ 17% နဲ့  ရလဒ်ရဲ့ထိပ်ဆုံးမှာ ရှိနေခဲ့တဲ့ မေးခွန်းကတော့ “လောကမှာ ဘာကြောင့် ဆင်းရဲဒုက္ခနဲ့ နာကျင်မှုတွေ ရှိနေရတာလဲ” ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ 


ဒီမေးခွန်းကို မေးသူတွေမှာ လူနှစ်မျိုးရှိပြီး၊ ပထမတစ်မျိုးက အတွေးအမြင်ပိုင်းဆိုင်ရာရှုထောင့်ကနေ မေးမြန်းသူနဲ့ ဒုတိယတစ်မျိုးကတော့ ကိုယ်တွေ့ခံစားရတဲ့ ခံစားချက်ကလာတဲ့ မေးခွန်းဖြစ်ပါတယ်။ ဘယ်ရှုထောင့်ကပဲ မေးမေး ဒီမေးခွန်းဟာ လူအချို့ ဘုရားသခင်ကိုစိတ်ပျက်ပြီး ကျောခိုင်းသွားရခြင်းအကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။


ဒီဆောင်းပါးမှာတော့ အတွေးအမြင်ရှုထောင့်ကနေ ဖြေဆိုထားပါတယ်။ လောကမှာ ဆင်းရဲဒုက္ခနဲ့နာကျင်မှုတွေ ရှိနေရ ခြင်းနဲ့ပတ်သက်ပြီး အကြောင်းအရင်းအများကြီးရှိနိုင်ပါတယ်။ အဲဒီ့အကြောင်းအရင်းတွေကို အကြမ်းအားဖြင့် အပိုင်း (၃)ပိုင်း ခွဲလို့ရနိုင်ပါတယ်။

(၁) လူတွေရဲ့လုပ်ရပ်အမှား၊

(၂) ပျက်ဆီးတတ်တဲ့ လူ့သဘောသဘာ၀၊

(၃) ဘုရားသခင်ရဲ့ ခွင့်ပြုချက် ဆိုပြီး ဆွေးနွေးသွားပါမယ်။ 


(၁) လူတွေရဲ့ လုပ်ရပ်အမှားကြောင့်။ 

လူတွေရဲ့ ဇီ၀ကမ္မ ဖွဲ့စည်းလုပ်ဆောင်ပုံကစလို့၊ သဘာ၀ပတ်ဝန်းကျင်နဲ့ ဂေဟစနစ်တွေ အလယ်၊ စကြာ၀ဌာကြီးရဲ့ ဖြစ်တည်လည်ပတ်နေပုံအဆုံး ကမ္ဘာပေါ်က အရာအားလုံးဟာ သူ့နေရာနဲ့ သူ၊ သူ့အစီအစဉ်နဲ့သူ စံနစ်တကျ တည်ရှိ လည်ပတ်နေကြတာ ဖြစ်ပါတယ်။ အဲဒီ့လို နေရာတကျ၊ ပုံစံတကျ လည်ပတ်နေတဲ့ အစီအစဉ်ထဲမှာ အမှားအယွင်း တစ်ခုခုလုပ်မိလို့ ချွတ်ချော်သွားပြီဆိုရင် ထိခိုက်နာကျင်မှု၊ ပျက်ဆီးဆုံးရှုံးမှုနဲ့ နစ်နာမှုအကျိုးဆက်တွေ ကြုံရတတ်ပါ တယ်။

 

ဥပမာ-သစ်တောပြုန်းတီးမှုနဲ့ ၎င်းရဲ့အကျိုးဆက်တွေလိုမျိုးပေါ့။ ကမ္ဘာ့မြေမျက်နှာပြင်ရဲ့(၃၀)ရာခိုင်နှုန်းလောက်  ကို သစ်တောနဲ့တောအုပ်တွေက ဖုံးလွှမ်းထားတာပါ။သစ်တောတွေကို ကမ္ဘာကြီးရဲ့အင်ဂျင်နဲ့အဆုတ်လို့တောင်တင်စား ကြပါတယ်။ သစ်တောတွေက ကမ္ဘာရဲ့ပူနွေးမှုကို ထိန်းညှိပေးသလို ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုတွေ ကနေလည်းကာကွယ်ပေးပြီး၊ မိုးရွာသွန်းမှုကိုလည်းဖြစ်ပေါ်စေကာ သန့်စင်တဲ့ရေရဖို့ကူညီပေးတဲ့အပြင် စားနပ်ရိက္ခာနဲ့ အာဟာရဓာတ်ကိုလည်း ထောက်ပံ့ပေးပါတယ်။


ဒါပေမယ့် နှစ်စဉ် သစ်တောဟက်တာပေါင်း သန်း ဆယ်နဲ့ချီ ဖျက်ဆီး ခံရလို့ ရာသီဥတုဖောက်ပြန်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ ရေတိုက်စားမှု ပြင်းထန်ခြင်း၊ မိုးခေါင်ခြင်း၊ မိုးနည်းခြင်းကြောင့် ကုန်းမြေတွေသေလာပြီး ကန္တာရဖြစ်ထွန်းမှု၊ စားရေရိက္ခာရှားပါးမှုတွေအထိ ဖြစ်လာရပါတယ်။ ဒါတွေကပဲ ဆင်းရဲ ဒုက္ခနဲ့ နာကျင်မှုအကျိုးဆက်တွေကိုယူဆောင်လာတာ ဖြစ်ပါတယ်။


Ripple effect လို့ခေါ်တဲ့ ရေလှိုင်းဂယက် အကျိုး သက်ရောက်မှုနိယာမက ဖော်ပြသလိုပေါ့..လုပ်ရပ်တစ်ခု၊ ကျူးလွန်မှုတစ်ခုက ဆိုးရွားတဲ့အကျိုးဆက်ပေါင်းများစွာကို ဖြစ်ပွားစေရင်းကနေ ဆင်းရဲဒုက္ခနဲ့နာကျင်မှုတွေ ခံစားကြရတာဖြစ်ပါတယ်။ ဒါက ဘုရားသတ်မှတ်ထားတဲ့ စနစ်တကျ တည်ရှိလည်ပတ်မှုအစီအစဉ်ကို ကျူးလွန်ချိုးဖျက်မိလို့ အကျိုးဆက်အနေနဲ့ ခံစားရတဲ့ ဆင်းရဲဒုက္ခမျိုး ဖြစ်ပါတယ်။


အပြည့်အစုံဖတ်ရှုနိုင်ဖို့ အောက်တွင် နှိပ်လိုက်ပါ။

အပြည့်အစုံဖတ်ရှုမည်

ဝေမျှရန်