"လောကမှာ ဘာကြောင့် ဆင်းရဲဒုက္ခနဲ့ နာကျင်မှုတွေ ရှိနေရတာလဲ"


(၂) ပျက်ဆီးတတ်တဲ့ သဘောသဘာ၀ရှိခြင်းကြောင့်။ 

တချို့သောကိစ္စတွေကတော့ ဘာအမှားအယွင်းမှ မလုပ်မိရင်လည်း သင်္ခါရသဘောတရား၊ မမြဲခြင်းသဘောတရား ကြောင့် ဆင်းရဲဒုက္ခကြုံရတာမျိုး ဖြစ်ပါတယ်။ ဥပမာ - အိုနာသေခြင်းဆိုတဲ့အရာတွေဟာ ရှောင်လွှဲလို့မရနိုင်တဲ့၊ အချိန်တန်ရင် ပျက်ဆီးတတ်တဲ့သဘာ၀တွေရှိနေလို့ ဖြစ်ပါတယ်။ မိုက်ကယ်ဂျက်ဆင်ဆိုရင် ဆံဖျားကနေ ခြေမအဆုံး သူ့ကျန်းမာရေးကိုစောင့်ရှောက်ဖို့ မိသားစုဆရာဝန် (၁၂)ယောက် ခန့်ထားခဲ့တယ်။ သူ နေ့စဉ်စားမယ့် အစားအသောက် တွေကိုလည်း ဓာတ်ခွဲခန်းမှာဂရုတစိုက်စစ်ဆေးပြီးမှပဲ စားသောက်တယ်။ သူ့ရဲ့နေ့စဉ်ကျန်းမာရေးလေ့ကျင့်ခန်းတွေကို ကြပ်မတ်ပေးဖို့ ဝန်ထမ်း(၁၅)ယောက်လောက် ထပ်ခန့်ထားခဲ့သေးတယ်။ သူ့အိပ်ယာမှာတောင် အောက်စီဂျင်ပမာဏ ထိန်းညှိပေးနိုင်တဲ့နည်းပညာကိုအသုံးပြုထားတယ်။


ဒါပေမယ့် သူ့အသက်(၅၀)မှာ မိုက်ကယ်ဂျက်ဆင်ဟာ နှလုံးရပ်ပြီး ဆုံးသွားခဲ့တယ်။ မိသားစုဆရာဝန်(၁၂)ယောက်အပါအဝင် အခြားဆရာဝန်ကြီးများစွာ ဝိုင်းဝန်းကြိုးစားခဲ့ကြပေမယ့် မိုက်ကယ်ဂျက်ဆင်ကို မကယ်တင်နိုင်ခဲ့ကြဘူး။ (၂၅)နှစ်လုံးလုံး ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဘယ်မှမသွားခဲ့သူဟာ အဆုံးမှာတော့ သေခြင်းတရားကို သူထင်တာထက်ပိုစောပြီး ရင်ဆိုင်အရှုံးပေးခဲ့ရပါတယ်။ ဒါကြောင့် ခန္ဓာရဲ့ ပုပ်ပျက် တတ်တဲ့သဘာ၀ကို အနည်းအပါး ရွှေ့ဆိုင်းကောင်း ရွှေ့ဆိုင်းလို့ရနိုင်ပေမယ့် ရှောင်လွှဲဖို့တော့ မဖြစ်နိုင်ပါဘူး။ 


ဒါဆိုရင် ဘုရားသခင်က ဖောက်ပြန်ပျက်ဆီးခြင်းမရှိတဲ့ခန္ဓာမျိုး ဖန်တီးပေးလို့ မရဘူးလားလို့ မေးစရာရှိပါတယ်။ အဖြေကတော့ ‘ရပါတယ်၊ တကယ်လည်း ဖန်တီးပေးခဲ့ပါတယ်’လို့ ဆိုရမှာပါ။ သမ္မာကျမ်းစာအရ ဧဒင်ထဲက ကမ္ဘာဦး လူသားနှစ်ဦးဖြစ်တဲ့ အာဒံနဲ့ ဧ၀ဟာ မသေနိုင်၊ မပျက်နိုင်တဲ့ခန္ဓာမျိုး အစပြုပိုင်ဆိုင်ခဲ့ရတာပါ။


ဒါပေမယ့် ဘုရားရဲ့ သတိပေးတားမြစ်ထားတဲ့ကြားထဲက ပျက်ဆီးခြင်းနဲ့ သေခြင်းလမ်းကို ရွေးချယ်မှားမိရာကနေ လူသားတွေအားလုံး ဖောက်ပြန်ပျက်ဆီးတတ်တဲ့သန္ဓေကို အမွေရခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ဇာတ်လမ်းရဲ့ နိဂုံး အဆုံးသတ် မဟုတ်သေးပါဘူး။ ယေရှုဘုရားအားဖြင့် ဒီအဆိုးကို ပြန်လည်ကုစားပြီး ဘ၀ဇာတ်လမ်းကို အကောင်းဆုံးဖြစ်အောင် ပြန်ပြင်ရေးနိုင်ဖို့ ဘုရားသခင် စီစဉ်ပေးခဲ့ပါတယ်။ ဒါကတော့ ဆင်းရဲဒုက္ခတွေရဲ့မူလဇစ်မြစ်ဖြစ်တဲ့ အပြစ်တရားကို လက်ဝါးကားတိုင်မှာ စီရင်ဖြေရှင်းပေးပြီး၊ ဘ၀ကို အသစ်တဖန်ပြန်လည်အစပြုနိုင်ဖို့ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်တယ်။ 


(၃) ဘုရားသခင်ရဲ့ ခွင့်ပြုချက်ကြောင့်။

တတိယအချက်အနေနဲ့ တချို့သောနာကျင်မှုဆင်းရဲဒုက္ခတွေဟာ သတိပေးချက်အနေနဲ့ ဘုရားသခင်ကကြုံတွေ့စေတာ မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာမှာ နာကျင်မှုကိုခံစားသိရှိနိုင်တဲ့အာရုံခံစနစ်တွေကို ဘုရားသခင်ကထည့်ပေး ထားပါတယ်။ ဒီအာရုံခံစနစ်ကြောင့်သာ နာကျင်မှုကိုသိရှိပြီး နာကျင်စေတဲ့အကြောင်းတရားတွေကိုရှာဖွေကာ အချိန်မီ တားဆီးပြုပြင်ကုစားနိုင်မှာဖြစ်ပါတယ်။ အကယ်၍ နာကျင်မှုကိုခံစားသိရှိနိုင်စွမ်းမရှိရင် ဆုံးရှုံးမှုတွေ ပိုကြီးမားသွားဖို့ ရှိပါတယ်။


ဥပမာ-အနာကြီးရောဂါ(Leprosy)ကိုကြည့်ပါ။ဒီရောဂါဟာ Mycobacterium leprae ဆိုတဲ့ဘက်တီးရီးယား ကြောင့် ဖြစ်ပွားရတာဖြစ်ပြီး၊ ဒီပိုးက ခြေလက်၊ အရေပြား၊ နှာခေါင်း၊ အသက်ရှူလမ်းကြောင်း … စတဲ့နေရာတွေက အာရုံကြောတွေကို တိုက်ခိုက်ပါတယ်။ ဒီလိုတိုက်ခိုက်ခံရတဲ့လူရဲ့အရေပြားဟာ အာရုံခံနိုင်စွမ်းတွေ ကျဆင်းလာပြီး ပူခြင်း၊ နာကျင်ခြင်း၊ ထိတွေ့ခြင်း စတာတွေကိုမသိနိုင်တော့ဘဲ နောက်ဆုံးမှာတဖြည်းဖြည်း ကိုယ်ခန္ဓာအစိတ်အပိုင်း တွေ ထိခိုက်ပျက်ဆီးသွားရတာ ဖြစ်ပါတယ်။ ဒါကြောင့် နာကျင်ဆင်းရဲမှုကိုခံစားသိရှိနိုင်ခြင်းဟာ တဖက်ကကြည့်ရင် ပိုကြီးမားဆိုးရွားတဲ့ နာကျင်ဆုံးရှုံးမှုနဲ့ ပေးဆပ်ရမှုတွေ

မခံစားရစေဖို့၊ အချိန်မီတားဆီးစားနိုင်အောင် သတိပေးခြင်း ဖြစ်တာကြောင့် ‘အဆိုးထဲက အကောင်း’ လို့တောင် ဆိုနိုင်ပါတယ်။


ဒါကြောင့်လည်း Dr. Norman Geisler က “ဘုရားသခင်က လူတစ်ချို့ကို ဝေဒနာဆင်းရဲတွေထဲကနေ ကယ်တင်ရတာရှိသလို၊ တစ်ချို့ကိုတော့ နာကျင်မှုဝေဒနာ အားဖြင့် ကယ်တင်ရတာလည်း ရှိတယ်။ နှစ်ခုလုံးက ဘုရားရဲ့ လုပ်ရပ်ပဲ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။ (The truth is that God delivers some people from their sickness and others through their sickness. Both are the hand of God.) ဒါကြောင့် နာကျင်မှုဆင်းရဲဒုက္ခတွေကို ကောင်းတဲ့အရာလို့

မခံယူနိုင်ရင်တောင်၊ တခါတခါ လိုအပ်ချက်အရ ခွင့်ပြုရတဲ့ အရာအဖြစ် နားလည်ရပါတယ်။


နိဂုံး - နောက်တစ်ခုက ဆင်းရဲဒုက္ခဟာ နှစ်လိုစရာတော့ မဟုတ်ပေမယ့်၊ ဆင်းရဲဒုက္ခတွေကပဲ ပါရမီဆုကျေးဇူးတွေဖြစ် တဲ့ သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ ကြံ့ကြံ့ခံနိုင်ခြင်း၊ ကိုယ်ချင်းစာနာစိတ်၊ ကရုဏာစိတ် … အစရှိတဲ့ သီလပါရမီတွေကို ဖော်ထုတ်ပေးတတ်တာကြောင့် ဆင်းရဲဒုက္ခတိုင်းကို အဆိုးချည်းသက်သက်ရယ်လို့ မသတ်မှတ်သင့်ပါဘူး။ တခါတရံ နာကျင်ဆင်းရဲခြင်းဒုက္ခတွေကနေ ရင့်ကျက်ခြင်းတွေ၊ နှိမ့်ချခြင်းတွေ၊ ရဲရင့်ခြင်းတွေ၊ ကြံ့ခိုင်သန်မာခြင်းတွေ… ဆိုတဲ့ တန်ဖိုးကြီးမားပြီး လှပတဲ့ ဘ၀အရည်အသွေးတွေသာမက နက်ရှိုင်းတဲ့ဘ၀အဓိပ္ပာယ်နဲ့ ဘ၀ရဲ့ရည်ရွယ်ချက်တွေကို ရှာဖွေတွေ့ရှိနိုင်ဖို့ ကူညီပေးနေကြောင်းကိုလည်း ဖော်ပြလိုပါတယ်။

ကျွန်ုပ်တို့ဆီ ရင်ဖွင့်ဆွေးနွေးတိုင်ပင်လိုရင်

ဆက်သွယ်နိုင်ပါတယ်။

ဆက်သွယ်မည် ဆက်သွယ်မည်