"လူကောင်းတွေ၊ ရိုးဖြောင့်မှန်ကန်သူတွေ ဘာကြောင့် ဆင်းရဲဒုက္ခကြုံရတာလဲ"
ဖြေရှင်းချက် (၂) - ရိုးဖြောင့်မှန်ကန်ခြင်းကိုယ်၌က ဆင်းရဲဒုက္ခတွေကို ဖိတ်ခေါ်နေသလို ဖြစ်တတ်ပါတယ်။
ကိုယ့်ဆန္ဒအလျောက်ရွေးချယ်ယူတဲ့ဆင်းရဲဒုက္ခ Voluntary Suffering ကတော့ ကိုယ့်ရဲ့ ရပ်တည်ခံယူချက်ကြောင့် ခံစားရတဲ့ဆင်းရဲဒုက္ခမျိုး ဖြစ်ပါတယ်။ တခါတလေ ရိုးဖြောင့်မှန်ကန်လို့ ဒုက္ခရောက်ရ၊ ဆုံးရှုံးနစ်နာရတဲ့အဖြစ်တွေ ရှိတတ်ပါတယ်။
ဥပမာ - ဖြတ်လမ်းနည်းနဲ့ မရိုးမသားလုပ်သူတွေက ကြီးပွားလွယ်၊ကောင်းစားလွယ်ကြပြီး ဖြောင့်မှန် တည်ကြည်ရိုးသားသူတွေကတော့ အနိုင်ကျင့်ခံရ၊ အထင်လွဲခံရ၊ ဖိနှိပ်ခံရတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒီနေရာမှာ ရိုးဖြောင့်ခြင်းလမ်းကိုပဲဆက်လျှောက်ပြီး ဆင်းရဲဒုက္ခခံမလား၊ ရိုးဖြောင့်ခြင်းကိုစွန့်ပြီး နေသာတဲ့လမ်းကို ရွေးမလား ဆိုပြီး ရွေးချယ်စရာရှိလာပါတယ်။ ကြီးပွားကောင်းစားခြင်းနဲ့ ရိုးဖြောင့်မှန်ကန်ခြင်း.. နှစ်ခုထဲက တစ်ခုပဲ ရွေးရမယ့် အကျဉ်းအကျပ်အခြေအနေမျိုးမှာ ရိုးဖြောင့်မှန်ကန်ခြင်းကိုရွေးချယ်ခြင်းကြောင့် အကျိုးဆက်အနေနဲ့ခံစားရတဲ့ ဆုံးရှုံးနစ်နာမှု၊ နာကျင်ဆင်းရဲမှုတွေဟာ ကိုယ့်ဆန္ဒအလျောက်ရွေးချယ်ယူတဲ့ ဆင်းရဲဒုက္ခတွေပဲ ဖြစ်ပါတယ်။
ဥပမာ - တောင်အာဖရိကက အသားအရောင်ခွဲခြားမှုကိုတိုက်ဖျက်ရေးခေါင်းဆောင် Nelson Mandela ဟာ သူ့ရဲ့ ယုံကြည် ခံယူချက်ကြောင့် အကြိမ်ကြိမ်ဖမ်းဆီးခံရ၊ (၄)ကြိမ် တရားရင်ဆိုင်ခဲ့ရပြီး၊ (၂၇)နှစ်အကျဉ်းချခံခဲ့ရပါတယ်။ Mandela လို ယုံကြည်ရပ်တည်ချက်ကြောင့် အကျဉ်းချခံရသူတွေ၊ နှိပ်စက်သတ်ဖြတ်ခံရသူတွေ၊ အိုးအိမ်နဲ့ ဥစ္စာပိုင်ဆိုင်မှု ဆုံးရှုံး ရသူတွေ ကြုံဆုံခံစားရတဲ့ဆင်းရဲဒုက္ခတွေဟာ ကိုယ့်ဆန္ဒအလျောက်ရွေးချယ်ယူတဲ့ ဆင်းရဲဒုက္ခတွေပဲ ဖြစ်ပါတယ်။ ဒီလူတွေဟာ တန်းတူအခွင့်အရေး၊ တရားမျှတမှု၊ လွတ်လပ်မှု၊ သစ္စာတရားနဲ့ ဖြောင့်မတ်ခြင်းကို ကိုယ့်အသက်ထက် ပိုတန်ဖိုးထားကြသူတွေဖြစ်ပါတယ်။ သူတို့တွေအတွက်တော့ သူတို့ရဲ့ ရပ်တည်ခံယူချက်နဲ့ ယုံကြည်ချက်က ဆင်းရဲ ဒုက္ခတွေကနေ လွတ်မြောက်စေတာမျိုးမဟုတ်ဘဲ၊ ဆင်းရဲဒုက္ခတွေကို ဖိတ်ခေါ်ပေးနေသလို ဖြစ်သွားပါတယ်။
သမ္မာ ကျမ်းစာကပြောတဲ့ “ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကိုခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံ ဖြစ်၏” ဆိုတဲ့ကျမ်းစကားဟာ ဒီလိုအခြေအနေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။
ဖြေရှင်းချက် (၃) - ရိုးဖြောင့်မှန်ကန်မှုကို မှတ်ကျောက်တင်ပေးဖို့ ဆင်းရဲဒုက္ခကြုံရတတ်ပါတယ်။
Mandatory Suffering ကတော့ ကိုယ့်ရဲ့ ရိုးဖြောင့်မှန်ကန်မှု တကယ်စစ်မှန်ခြင်းရှိ/မရှိကို မှတ်ကျောက်တင်ဖော်ထုတ် ပေးဖို့ ကြုံရတဲ့ ဆင်းရဲဒုက္ခတွေဖြစ်ပါတယ်။ သာမန်အချိန်မှာ လူကောင်းလူမှန် ဟုတ်/မဟုတ်ကို ကွဲကွဲပြားပြား ခွဲခြား သိနိုင်ဖို့မလွယ်ပေမယ့် နာကျင်ဆင်းရဲမှုနဲ့ဖိအားတွေကြုံလာရတဲ့အခါမှ လူကောင်းလူမှန် ဟုတ်/မဟုတ် သိသာထင်ရှား လာတတ်ပါတယ်။
ဥပမာ - ဆယ်တန်းစာမေးပွဲတွေကိုကြည့်ပါ။ ၂၀၁၅ ကနေ ၂၀၂၀အထိ တက္ကသိုလ်၀င်တန်းစာမေးပွဲ တွေကိုကြည့်ရင် အောင်ချက်အမြင့်ဆုံးနှစ်မှာတောင် 37.60% ပဲ ရှိတာတွေ့ရတယ်။ဒါဟာဖြေဆိုသူ (၁၀၀)မှာ (၆၂)ဦး ကျော် စာမေးပွဲကျရှုံးတာကိုဖော်ပြနေပါတယ်။စာမေးပွဲကျသူတွေထဲမှာ ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေ၊ မျက်မမြင် တွေနဲ့ ဆွံ့အနားမကြားသူတွေလည်းပါဝင်နေတာတွေ့ရပါတယ်။ (အောက်က ပုံတွေကို ကြည့်ပါ)
ဒီနေရာမှာ စာမေးပွဲမေးခွန်းထုတ်သူနဲ့ စာစစ်သူတွေကို ဖြေဆိုသူအားလုံးစာမေးပွဲအောင်မြင်အောင်လုပ်ပြီး အတန်း တင်ပေးလို့ မရဘူးလားလို့ မေးစရာရှိပါတယ်။ ဖြစ်နိုင်ချေအဖြေကတော့ “လုပ်လို့ရတယ်၊ ဒါပေမယ့် လုပ်သင့်ရဲ့လား” ဆိုတာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ စာကိုသေချာလေ့လာ ကျက်မှတ်သူ၊ ကြိုးစားသူ ဟုတ်/မဟုတ်ဆိုတာကို စစ်ထုတ်နေချိန်ဖြစ်လို့ပါပဲ။
စာမေးပွဲကို ကျောင်းသားအများစု မနှစ်သက်ကြပေမယ့် သူတို့ရဲ့အခြေအနေမှန်ကို သိရဖို့၊ ဖော်ထုတ်ပေးဖို့ လိုအပ်တာကိုတော့ အားလုံးသိမှာပါ။ ဒီလိုပါပဲ… လူကောင်းလူမှန်ဆိုသူတွေရဲ့ ရိုးဖြောင့်မှန်ကန်မှုကို စစ်ဆေးဖို့လိုအပ်တဲ့အချိန်လည်း ရှိတတ်ပါတယ်။ စစ်ဆေးမှုတွေမှာ အချိုကျွေးပြီး စမ်းတာရှိသလို၊ အခါးကျွေးပြီး စစ်တာမျိုးလည်း ရှိတတ်ပါတယ်။ အခါးကတော့ ဆင်းရဲဒုက္ခနဲ့ နာကျင်မှုတွေပေါ့။
အပြည့်အစုံဖတ်ရှုနိုင်ဖို့ အောက်တွင် နှိပ်လိုက်ပါ။