"လူကောင်းတွေ၊ ရိုးဖြောင့်မှန်ကန်သူတွေ ဘာကြောင့် ဆင်းရဲဒုက္ခကြုံရတာလဲ"


ဒါဆိုရင် ကလေးငယ်လေးတွေလို အပြစ်မဲ့တဲ့သူတွေကို ဆင်းရဲဒုက္ခနဲ့ အနိဌာရုံတွေ ဘာကြောင့်ကြုံတွေ့စေရတာလဲ?

ပုံမှန်အားဖြင့် ဆင်းရဲဒုက္ခနဲ့ နာကျင်မှုဆိုရင် လူဆိုးလူမိုက်တွေပဲ ခံစားသင့်တယ်လို့ ကျွန်တော်တို့အားလုံး မတိုင်ပင်ဘဲ တညီတညွတ်တည်း သတ်မှတ်ထားကြတာပါ။ အပေါ်မှာဖော်ပြထားသလို မလွှဲသာလို့ လူကောင်းတွေမှာ ဆင်းရဲဒုက္ခ ကြုံလာရရင်တောင် ကိုယ့်ရဲ့ ယုံကြည်ခံယူချက်ကြောင့်ဆိုပြီး ဖြေသာစရာ ရှိပါတယ်။ ဒါပေမယ့်လည်း အပြစ်ကင်းမဲ့ ဖြူစင်တဲ့ ကလေးငယ်တွေ နာကျင်ဒုက္ခရောက်တဲ့အခါ၊ ဝေဒနာခံစားရတာမြင်ရတဲ့အခါ ဒီလိုအနိဌာရုံတွေကို ခွင့်ပြုတဲ့ ဘုရားသခင်ကို နားမလည်နိုင်ဖြစ်ကြတာ သဘာ၀ပါ။ 


ဖြေရှင်းချက် (၁) ရေလှိုင်းဂယက် အကျိုးဆက်ကနေ ရှောင်လွှဲလို့ မရနိုင်တာကြောင့်။ 

ဒါနဲ့ပတ်သက်ပြီး ပထမဆုံးဖြေချင်တာက အပေါ်မှာပြောခဲ့သလို Ripple Effect ဆိုတဲ့ ရေလှိုင်းဂယက် အကျိုးဆက် ကြောင့်လို့ ဖြေရမှာပါ။ ကျွန်တော်တို့ဟာ Community နဲ့ နေထိုင်သူတွေဖြစ်ကြတာကြောင့် Community တစ်ခု ဒုက္ခ ကြုံရတဲ့အခါ Community ထဲမှာရှိတဲ့ အပြစ်ရှိသူရော၊ အပြစ်မဲ့သူ အားလုံးကိုပါ ရိုက်ခတ်သွားပါတယ်။ ဟစ်တလာရဲ့ Holocaust ဖြစ်ရပ်လို၊ ရဝမ်ဒါက Hutus နဲ့ Tutsi လူမျိုးစုတွေရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုလို၊ တောင်အာဖရိကရဲ့ Apartheid (အသားအရောင်ခွဲခြားမှု)လို သက်ဆိုင်ရာ Communityတစ်ခုလုံးကို ရိုက်ခတ်ထိခိုက်စေတာ ဖြစ်ပါတယ်။ ဒါကို Collective Suffering လို့ခေါ်ကြပါတယ်။ ကျွန်တော်တို့ဟာ အစုအဖွဲ့တွေ၊ အသိုင်းအ၀ိုင်းတွေနဲ့ ဆက်နွယ်ပတ်သက် နေကြတာကြောင့် သက်ဆိုင်တဲ့အစုအဖွဲ့၊ အသိုင်းအ၀ိုင်းဒုက္ခကြုံရတဲ့အခါ ကျွန်တော်တို့လည်း အနည်းနဲ့အများ ထိခိုက်ခံစား ရတာမျိုး ဖြစ်ပါတယ်။ 


ဖြေရှင်းချက် (၂) ကောင်းမြတ်တဲ့အကျိုးရလဒ်တွေ ဖြစ်ထွန်းစေဖို့။ 

ဒုတိယအနေနဲ့ ကောင်းမြတ်တဲ့အကျိုးရလဒ်တွေ ဖြစ်ထွန်းစေဖို့ ဆင်းရဲဒုက္ခကို ခံစားရစေတာလည်း ရှိပါတယ်။ ဥပမာ သမ္မာကျမ်းစာထဲက မွေးရာပါမျက်စိကန်းသူကို သူ့အပြစ်ကြောင့် ဒီလိုဖြစ်တာလား၊ မိဘအပြစ်ကြောင့် ဖြစ်တာလား လို့ မေးတဲ့အခါ ဘယ်သူ့ရဲ့အပြစ်ကြောင့်မှမဟုတ်ဘဲ ဘုရားရဲ့ဘုန်းထင်ရှားစေဖို့ ဖြစ်တာလို့ ယေရှုဘုရားက ပြန်ဖြေခဲ့ ပါတယ်။ ဒီအဖြေဟာ လူတိုင်းနှစ်သက်လက်ခံနိုင်တဲ့အဖြေမျိုး၊ အဖြစ်မျိုး မဟုတ်ပါဘူး။ အထူးသဖြင့် ကာယကံရှင် အတွက် လက်ခံရခက်တဲ့အဖြေမျိုး၊ အဖြစ်မျိုးပါ။ ဒါပေမယ့်လည်း ထူးမြတ်တဲ့အကျိုးရလဒ်တွေ ထွက်ပေါ်လာစေဖို့ ဒီလိုဆင်းရဲဒုက္ခတွေကို ဘုရားက တခါတရံ ခွင့်ပြုပေးတတ်ပါတယ်။


ဥပမာ - ကိုယ်အင်္ဂါချို့တဲ့သူများစွာကိုသာမက လူများစွာကို စိတ်ဓာတ်ခွန်အားပေးနေတဲ့ Nick Vujicic လို၊ ဆွံ့အနားမကြားသူတွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေ ခဲ့တဲ့ (အသက် ၁၉-လ ကြာပြီးမှ အမြင်အာရုံနဲ့ အကြားအာရုံဆုံးရှုံးခဲ့သူ) Helen Keller၊ ကိုယ်တိုင် မျက်မမြင်ဘ၀ ရောက်မှ မျက်မမြင်တွေအတွက် စာတီထွင်ပေးခဲ့သူ Louis Braille တို့လို လူမျိုးတွေပေါ့။


အထင်ရှားဆုံးဖြစ်ရပ် ကတော့ အပြစ်ကင်းမဲ့ပါလျက်နဲ့ အဆိုးရွားဆုံး၊ အကျည်းတန်ဆုံး၊ အရက်စက်ဆုံး နှိပ်စက်သတ်ဖြတ်မှုကို ခံယူခဲ့သူ ယေရှုဘုရားရဲ့ ဖြစ်ရပ်ပါပဲ။ သူဟာ အပြစ်မဲ့သူဖြစ်ကြောင်း သူ့ကို သေဒဏ်စီရင် ခဲ့တဲ့ မြို့ဝန်ပိလတ်မင်းနဲ့ ကားစင်တင် သတ်ရာမှာတာဝန်ယူခဲ့တဲ့ ရောမတပ်မှုးတွေကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ဆိုးရွားရက်စက်တဲ့ ဒီဆင်းရဲဒုက္ခ အားဖြင့် လူသားတွေခံစားရမယ့် အပြစ်ဒဏ်စီရင်ခြင်းထဲကနေ ထာ၀ရလွတ်မြောက်ရာလမ်းကို ဖွင့်ပေးခဲ့ပါတယ်။


ဖြေရှင်းချက် (၃) ကျွန်တော်တို့ မသိနားမလည်နိုင်တဲ့ အကြောင်းပြချက်တွေကြောင့်။ 

နောက်ဆုံးချက်အနေနဲ့ တချို့သော အပြစ်မဲ့သူတွေ၊ အယူဝါဒအစွဲနဲ့ အရောင်အသွေးကင်းမဲ့ဖြူစင်တဲ့ကလေးငယ်လေး တွေ ဘာကြောင့် ဝေဒနာခံစားရသလဲ၊ ဘာကြောင့်ဆင်းရဲဒုက္ခကြုံရသလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါကတော့ ဘုရားတစ်ပါးပဲ သိနိုင်မယ့်အကြောင်းအရင်းတွေကြောင့်လို့ပဲ ဖြေရမှာပါ။ ဒီနေရာမှာ ပြင်သစ်လူမျိုး ဒိုမီနစ်ကန် ဘုန်းတော်ကြီး J.M.L. Monsabre ပြောခဲ့ဖူးတဲ့စကားကို သုံးချင်ပါတယ်။ “အကယ်၍ ဘုရားသခင်ကသာ သူ့ရဲ့ အကန့်အသတ်မဲ့ အနန္တတန်ခိုးတော်ကို ကျွန်တော့်ကို ၂၄ နာရီလောက် ဌားပေးမယ်ဆိုရင် ကမ္ဘာကြီးမှာ အပြောင်းအလဲ တွေ ဘယ်လောက်ထိ ကျွန်တော်လုပ်ပြမယ်ဆိုတာကို ခင်ဗျားတို့ တွေ့မြင်ပါလိမ့်မယ်။


ဒါပေမယ့် ဘုရားသခင်က သူ့ရဲ့ သဗ္ဗုညုတဉာဏ်တော်ကိုလည်း ကျွန်တော့်ကိုဌားရမ်းပေးထားမယ်ဆိုရင် ဖြစ်ရပ်အချင်းအရာတွေကို သူ့နေရာမှာပဲ ဒီအတိုင်း ကျွန်တော်ပြန်ထားမိလိမ့်မယ်” လို့ ဘုန်းတော်ကြီးက ပြောခဲ့ပါတယ်။ ဒါကြောင့် တချို့သောကိစ္စတွေက ဘုရားမှာ လုံလောက်တဲ့၊ သင့်တင့်လျောက်ပတ်တဲ့အကြောင်းအရင်းတွေရှိနေလို့ ကြုံရတာ ဖြစ်နိုင်ပါတယ်။ အဲဒီ့ အကြောင်းပြချက်တွေကတော့ ဘုရားကလွဲပြီး ဘယ်သူမှနားမလည်နိုင်၊ မရှင်းပြနိုင်တဲ့အကြောင်းပြချက်တွေပါ။ 

ကျွန်ုပ်တို့ဆီ ရင်ဖွင့်ဆွေးနွေးတိုင်ပင်လိုရင်

ဆက်သွယ်နိုင်ပါတယ်။

ဆက်သွယ်မည် ဆက်သွယ်မည်