"ဘုရားသခင်က အဓမ္မမှုတွေကို ဘယ်လောက်ကြာကြာ ခွင့်ပြုထားမှာလဲ"
ဒီမေးခွန်းနဲ့ပတ်သက်ပြီး အပေါ်မှာဆွေးနွေးခဲ့တဲ့ စောဒက ကောက်ချက်စကားကို ပြန်ဖော်ပြချင်ပါတယ်။
- ဘုရားသာ တကယ်ကြင်နာကောင်းမြတ်တယ်ဆိုရင် မကောင်းမှု၊ အဓမ္မမှုတွေကို ဖျက်ဆီးလိမ့်မယ်
- ဘုရားသာ တကယ်တန်ခိုးကြီးမားတယ်ဆိုရင် မကောင်းမှု၊ အဓမ္မမှုတွေကို ဖျက်ဆီးနိုင်လိမ့်မယ်
- ဒါပေမယ့် မကောင်းမှု၊ အဓမ္မမှုတွေဟာ ရှုံးနိမ့်ပျောက်ကွယ်ခြင်း မရှိဘူး
- ဒါကြောင့် အဲသလို ဘုရားမျိုးလည်း မရှိဘူး … ဆိုတဲ့ ဒီစောဒက ကောက်ချက်စကားမှာ …
ပထမ စာ(၂)ကြောင်းကို သဘောတူပေမယ့် နောက်ဆုံး(၂)ကြောင်းကိုတော့ သဘောမတူပါဘူး။
မကောင်းမှု၊ အဓမ္မမှုတွေဟာ ရှုံးနိမ့်ပျောက်ကွယ်သွားခြင်း မရှိ‘သေး’ဘူး လို့ ပြောမှပဲ မှန်ပါလိမ့်မယ်။ အကြောင်းကတော့ မကောင်းမှု၊ အဓမ္မမှုတွေဟာ မနက်ဖန်၊ သန်ဘက်ခါလည်း အရေးနိမ့်သွားနိုင်သလို အချိန်တစ်ခုခုမှာ ရှုံးနိမ့်သွား နိုင်လို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် နောက်ဆုံးကောက်ချက်စကားဖြစ်တဲ့ အဲသလို ဘုရားမျိုးလည်း မရှိဘူး ဆိုပြီး ပြောဆိုနိုင်ဖို့၊ မကောင်းမှု၊အဓမ္မမှုတွေဟာ ဘယ်တော့မှ ရှုံးနိမ့်ပျောက်ကွယ်သွားမှာ မဟုတ်ဘူး လို့ အခိုင်အမာ ပြောနိုင်ဖို့ လိုပါတယ်။ ဒီလိုပြောနိုင်ဖို့အတွက် ကျွန်တော်တို့ဟာ ဘုရားလို အနာဂတ်နဲ့ အရာခပ်သိမ်းကို ကြိုတင် သိမြင်နိုင်တဲ့ ဥာဏ်ပညာမျိုးရှိဖို့ လိုပါတယ်။
ဒါကြောင့် ဘုရားမရှိဘူးလို့ အခိုင်အမာပြောနိုင်ဖို့ဆိုရင် အရင်ဆုံး ကိုယ်တိုင် ဘုရားဖြစ်မှပဲ ရမှာပါ
ဒါဆိုရင် … “တန်ခိုးကြီးတဲ့မေတ္တာရှင်ဘုရားက အဓမ္မမှုတွေကို မနက်ဖန်၊ သန်ဘက်ခါမှာ ချုပ်ငြိမ်းစေမှာလား၊ ဘယ်လောက်ကြာကြာအထိ
ခွင့်ပြုပေးထားမှာလဲ ?” ဆိုတဲ့မေးခွန်းကို ဖြေပါမယ်။
ဒီမေးခွန်းဟာလည်း အပေါ်က မေးခွန်းလိုပဲ၊ ခရစ်ယာန်တွေကိုယ်တိုင်သာမက သမ္မာကျမ်းလာပုဂ္ဂိုလ်တွေလည်းမေးခဲ့တဲ့ မေးခွန်းဖြစ်ပါတယ်။ ဥပမာ - ဟေဗြဲတော်ဝင်ဓမ္မတေးတစ်ပုဒ် (ဆာလံ ၉၄း၄) မှာ “အဓမ္မအမှုကို ပြုသမျှသောသူတို့သည် စော်ကား၍၊ ကြမ်းတမ်းသောစကားကိုပြောလျက်၊ အဘယ်မျှကာလပတ်လုံး ဝါကြွားကြလိမ့်မည်နည်း”ဆိုပြီး မေးထားသလို ဘုရင် Solomon ကလည်း “အဓမ္မလူသည် မိမိအဓမ္မအမှု၌ အသက်ရှည်ကြောင်းကို ငါမြင်၏” (ဒေသနာ ၇း ၁၅)၊ “အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍ ဒဏ်မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကို ပြုခြင်းငှါ၊ ခိုင်မာစွာ သဘောထားကြ၏” (ဒေသနာ ၈း၁၁-၁၂)ဆိုပြီး အဓမ္မလူတွေကို တရားစီရင်ဖို့ နှောင့်နှေးနေတဲ့ဘုရားကို အားမလိုအားမရဖြစ်နေကြပုံကို သမ္မာကျမ်းဖော်ပြချက်တွေ့မှာ တွေ့ရပါတယ်။
အပြည့်အစုံဖတ်ရှုရန် အောက်တွင်နှိပ်ပါ။