"ဘုရားသခင်က အဓမ္မမှုတွေကို ဘယ်လောက်ကြာကြာ ခွင့်ပြုထားမှာလဲ"


ဖြေရှင်းချက် - တိကျတဲ့အချိန်ကာလကို မဖော်ပြပေမယ့် ‘မကြာဘူး’လို့ သမ္မာကျမ်းစာက ဖော်ပြပါတယ်

သမ္မာကျမ်းစာကတော့ “ဆိုးသောသူသည် ကာလကြာမြင့်စွာ မဝါကြွားရကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာ ဝမ်းမြောက်ကြောင်းကို၎င်း မသိသလော” လို့ သမ္မာကျမ်းစာက (ယောဘ ၂၀း ၅) ဆိုပါတယ်။ ဒီနေရာမှာ သမ္မာ ကျမ်းစာကပြောတဲ့ ‘ခဏသာ’ဆိုတာက ရက်ပိုင်းလား၊ လပိုင်းလား၊ နှစ် ချီကြာမှာလား၊ ဆယ်စုလား၊ ရာစုလား မသိပါဘူး။ ဒါပေမယ့် သေချာတာက ‘မကြာဘူး’ ဆိုတာပါပဲ။ ဥပမာ - ဖက်ဆစ်ဝါဒဟာ အီတလီမှာ (၂၁)နှစ်၊ စပိန်မှာ (၃၆)နှစ်၊ ဂျာမနီမှာ (၁၂)နှစ်၊ ဂျပန်မှာ နှစ်(၂၀)လောက် ရှင်သန်ခဲ့ကြပေမယ့်၊ အချိန်တစ်ခုရောက်တဲ့အခါ အဓမ္မဝါဒနဲ့လုပ်ရပ်တွေအားလုံးဟာ ခေါင်းမထောင်နိုင်အောင် အရှုံးကြီး ရှုံးသွားရတာတော့ သေချာပါတယ်။


‘အဓမ္မမှုတွေကို ဘုရားက ဘယ်လောက်ကြာကြာခွင့်ပြုမှာလဲ’ဆိုတာနဲ့စပ်လျဉ်းပြီး ခန့်မှန်းလို့ရနိုင်မယ့် အချက် တစ်ခုတော့ ရှိနိုင်ပါတယ်။ အဲဒါ့ကတော့ အဓမ္မမှုကျူးလွန်သူတွေကို သူတို့ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး စစ်မှန်တဲ့ နောင်တနဲ့ ရပ်တန့်၊ စွန့်လွှတ်၊ တောင်းပန်ဝန်ချပြီး တာဝန်ယူဖို့ အခွင့်အရေး အလုံအလောက်ပေးပြီးချိန်၊ အဓမ္မမှု ကျူးလွန်သူတွေရဲ့ ရုပ်ပုံလွှာအစစ်အမှန် ဖော်ထုတ်ထင်ရှားပြီးချိန်ဟာ အဓမ္မမှုအဆုံးသတ်ဖို့ အနီးဆုံးအချိန်လို့ ဆိုနိုင်မယ် ထင်ပါတယ်။


ဥပမာ - လူငယ်ဘ၀က လူသတ်၊ ဓားပြတိုက်ခဲ့သူဖြစ်ပြီး၊ နှစ်ပေါင်း(၃၀)နီးပါး တိုင်းပြည်ကို အကြောက်တရား၊ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်အုပ်ချုပ်ခဲ့သူ၊ သူအုပ်ချုပ်စဉ်ကာလမှာ အမျိုးသမီး (၁)သန်းခွဲကျော် အဓမ္မပြုကျင့်ခံခဲ့ ရပြီး၊ လူပေါင်း သန်း(၂၀)ကျော်ကို လွယ်လွယ်သတ်ခဲ့သူ၊ သူ့ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကြောင့် တိုင်းပြည်မှာ အငတ်ဘေး ကပ်ဆိုက်ခဲ့ပြီး လူသန်းနဲ့ချီ သေဆုံးစေခဲ့သူ၊ (ရန်သူမပြောနဲ့) သူ့ကိုချစ်ခင်ကြည်ညိုသူ တွေနဲ့ ၎င်းတို့ရဲ့မိသားစုဝင်တွေကိုတောင်သတ်ခဲ့သူ၊ ‘လူတစ်ယောက်သေတာဟာ ကြေကွဲစရာဖြစ်ရပ်လို့ ဆိုပေ မယ့်၊ လူတစ်သန်းသေတာကတော့ ကိန်းဂဏ္ဍန်းသက်သက်ပါပဲ’လို့ဆိုခဲ့သူဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် နှစ်ကြိမ်တိုင်တိုင် ရွေးချယ်ခြင်းခံခဲ့ရတယ်ဆိုရင် သင်ယုံကြည်နိုင်ပါသလား? သူကတော့ တခြားသူမဟုတ်ပါဘူး။ ဆိုဗီယက်ပြည်ထောင်စုရဲ့ အာဏာရှင် ဂျိုးဇက်စတာလင်ပဲ ဖြစ်ပြီး၊ သူဟာ ၁၉၄၅ ခုနှစ်မှာတစ်ကြိမ်၊ ၁၉၄၈ မှာ တစ်ကြိမ်၊ ဂုဏ်ရှိန်ကြီးမားတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် နှစ်ကြိမ်တိတိ ရွေးချယ်ခံခဲ့ရပါတယ်။


စတာလင်သာမကပါဘူး။ ဖက်ဆစ်ဝါဒရဲ့ဖခင်ကြီး မူဆိုလီနီဟာလည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် ၁၉၃၅ ခုနှစ်မှာ လျာထားခံခဲ့ရပါတယ်။တကယ်တော့၁၉၃၅ဆိုတာ အီသီယိုးပီးယားကို အီတလီက ဝင်ရောက်စီးနင်းခဲ့တဲ့ နှစ်ပါ။ နောက်ပြီး ငြိမ်းချမ်းရေးဆုအတွက် လျာထားခြင်းခံရချိန်မှာ မူဆိုလီနီဟာ တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်း (၃ပုံ ၂ပုံ)ကို နိုင်ငံပိုင် သိမ်းပြီးနေပါပြီ။ စတာလင်နဲ့ မူဆိုလီနီတို့သာ မကပါဘူး၊ ဂျာမန်နာဇီအာဏာရှင် ဟစ်တလာ ဟာလည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် ၁၉၃၉ ခုနှစ်မှာ ရွေးချယ်ခံခဲ့ရပါတယ်။


ဒီလူတွေကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် အဆိုပြုခဲ့သူတွေဟာလည်း သာမန်လူတွေမဟုတ်ဘဲ တက္ကသိုလ်က ဥပဒေ ပါမောက္ခတွေ၊ ထင်ရှားတဲ့နိုင်ငံရေးသမားတွေ ဖြစ်ပါတယ်။ အဓမ္မလူတွေရဲ့ ရုပ်ပုံလွှာအစစ်အမှန် အထင်အရှား မသိသာသေးခင် မှာတော့ ငြိမ်းချမ်းရေးဆုနဲ့တောင် ထိုက်တန်သူတွေလို့ ထင်ခဲ့ကြတာပါ။


ဒါပေမယ့် သူတို့ရဲ့ပုံသဏ္ဍန်အစစ်အမှန် ထင်ရှားပြီးချိန်မှာတော့ “ဘုရားမှတ်လို့ ကိုးကွယ်ပါတယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ” ဆိုတဲ့ မြန်မာစကားပုံလို ဖြစ်သွားပါတယ်။


ဒါကြောင့် ‘အဓမ္မမှုတွေကို ဘုရားက ဘယ်လောက်ကြာကြာခွင့်ပြုထားမှာလဲ၊ အဓမ္မလူတွေက ဘယ်လောက်ကြာကြာအထိ ကြီးစိုးခွင့်ရနေကြမှာလဲ ? ’ဆိုရင် 'သူတို့ရဲ့ သရုပ်သဏ္ဍန် အစစ်အမှန် ထင်ရှားပြီးချိန်၊ သူတို့ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး နောင်တအစစ်အမှန်နဲ့ ရပ်တန့်၊ စွန့်လွှတ်၊ တောင်းပန်ဝန်ချပြီး တာဝန်ယူဖို့ အခွင့်အရေးအလုံအလောက်ပေးပြီးချိန်အထိ’လို့ဖြေရမယ်ထင်ပါတယ်။


ဒါကလည်း လူတိုင်းအပေါ် အခွင့်အရေး မျှတစွာပေးခြင်းဆိုင်ရာ ဘုရားရဲ့ ဂုဏ်တော်သဘာ၀ကြောင့်လို့ ပြောရမယ် ထင်ပါတယ်။

ကျွန်ုပ်တို့ဆီ ရင်ဖွင့်ဆွေးနွေးတိုင်ပင်လိုရင်

ဆက်သွယ်နိုင်ပါတယ်။

ဆက်သွယ်မည် ဆက်သွယ်မည်