ပြောင်းလဲဖို့ လိုသလား လွယ်သလား?


ပြောင်းလဲဖို့ လိုသလား/လိုပြီလားဆိုတဲ့မေးခွန်းကို အဖြေရှာတဲ့အခါ စဉ်းစားစရာ အနည်းဆုံး(၃)ခု ရှိပါတယ်။ အဲဒါတွေကတော့ (၁) ရှင်သန်နိုင်ရေးအတွက် ပြောင်းလဲခြင်း၊ (၂) ပိုမိုကောင်းမွန်ရေးအတွက် ပြောင်းလဲခြင်းနဲ့ (၃) ထွန်းပေါက်အောင်မြင်ရေးအတွက် ပြောင်းလဲခြင်းတို့ ဖြစ်ပါတယ်။ 


ရှင်သန်ရပ်တည်ရေးအတွက်ပြောင်းလဲခြင်းကတော့ အနိမ့်ဆုံးအဆင့်ပြောင်းလဲခြင်းလို့ ဆိုနိုင်ပါတယ်။

အပြောင်း အလဲတစ်ခုကိုအချိန်မီမလုပ်နိုင်ရင်၊ အောင်မြင်အောင်မလုပ်နိုင်ရင် ကျန်းမာရေးကိစ္စပဲဖြစ်ဖြစ်၊ အိမ်ထောင်ရေးနဲ့ စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ် သေဆုံးသွားနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြောင်းလဲခြင်းဟာ Survival အတွက် ပြောင်းလဲရခြင်းဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးရောက်နေသူအတွက် ‘အပြောင်းအလဲဟာ လိုအပ်ချက်တစ်ခု’ (Change is a need) ဖြစ်သွားပါတယ်။ ဒီလိုနေရာရောက်သွားပြီဆိုရင် ဆက်လက်ရှင်သန်နိုင်ဖို့၊ ပြိုလဲမသွားဖို့ အတွက် I need to change. လို့ ဆိုရမလို ဖြစ်သွားပါတယ်။

"ဒုတိယပြောင်းလဲခြင်း"

ဒုတိယပြောင်းလဲခြင်းကတော့ ကောင်းမွန်တိုးတက်ဖို့အတွက်လုပ်တဲ့ ပြောင်းလဲခြင်းဖြစ်ပါတယ်။

ဒါကတော့ ပိုကောင်းတဲ့ထုတ်ကုန်၊ ပိုမြင့်မားတဲ့လူမှုဘ၀ကိုရည်ရွယ်ပြီးလုပ်ကြတဲ့ ပြောင်းလဲခြင်းမျိုးဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးရောက်နေသူအတွက်တော့ ‘ပြောင်းလဲခြင်းဆိုတာ ဆန္ဒတစ်ခု’ (Change is a want) ဖြစ်ပြီး၊ ဒီထက်ပိုသာပိုကောင်းတဲ့အနေအထားကိုလိုချင်ကြတာကြောင့်

I want to change. ဆိုတဲ့အဆင့် ဖြစ်ပါတယ်။

"တတိယပြောင်းလဲခြင်း"

တတိယပြောင်းလဲခြင်းကတော့ ထွန်းပေါက်အောင်မြင်ဖို့၊ အသာစီးရနိုင်ဖို့အတွက်‌ ပြောင်းလဲခြင်း ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲခြင်းမျိုးကို စီးပွားရေးလုပ်ငန်းတွေ၊ နည်းပညာနယ်ပယ်တွေမှာတွေ့ရလေ့ရှိပြီး အမျှော်အမြင်ကြီးတဲ့ ပြောင်းလဲခြင်းလို့ ဆိုနိုင်ပါတယ်။ လုပ်ငန်းကြီးတွေမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာန (R&D)တွေ ထားရှိကြတာဟာ ဒီလိုပြောင်းလဲခြင်းမျိုးလုပ်ဆောင်ဖို့အတွက် ဖြစ်ပါတယ်။


ဒီအနေအထားမှာရောက်နေသူတွေအတွက်တော့ ‘ပြောင်းလဲခြင်းဆိုတာ အခွင့်အလမ်းတစ်ခု’ (Change is an opportunity) ဖြစ်ပြီး၊ I see a change worthwhile (အကျိုးရှိတဲ့၊ လုပ်သင့်လုပ်ထိုက်တဲ့အပြောင်းအလဲတစ်ခုကို ငါမြင်တယ်) လို့ ဆိုနိုင်အဆင့် ဖြစ်ပါတယ်။

ဒီတော့ ‘ပြောင်းလဲဖို့ လိုလို့လား’ဆိုတဲ့မေးခွန်းကိုဖြေကြတဲ့အခါ ဒီနယ်ပယ်(၃)ခုကို အခြေခံပြီးစဉ်းစားရမှာပါ။ ပြောင်းလဲဖို့ ဆိုးဆိုးရွားရွားလိုအပ်နေပြီလား၊ ဒါမှမဟုတ် ပိုကောင်းဖို့အတွက် ပြောင်းလဲမှာလား၊ ဒါမှမဟုတ် အသာစီးရနိုင်ဖို့ ပြောင်းလဲမှာလားဆိုပြီး မေးစရာရှိလာပါတယ်။


ဒီမေးခွန်းကို ဘ၀ရဲ့ အခြေခံကျပြီး အရေးကြီး တဲ့နယ်ပယ်တွေဖြစ်တဲ့ ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ လုပ်ငန်း၊ ဘ၀ရှေ့ရေးနယ်ပယ်တွေမှာ အရင်ဆုံး မေးဖို့လိုပါတယ်။ ဒီနယ်ပယ်တွေကတော့ တစ်ဦးတစ်ယောက်ချင်းစီနဲ့ဆိုင်တဲ့ တကိုယ်ရည်နယ်ပယ်တွေ ဖြစ်ပြီး၊ ဒီထက်ပိုကျယ်ပြန့်တဲ့နယ်ပယ်တွေဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေး၊ ယဉ်ကျေးမှုနယ်ပယ်တွေ မှာလည်း မေးရတဲ့အချိန်တွေ ရှိတတ်ပါတယ်။

ဝေမျှရန်