ပြောင်းလဲဖို့ လိုသလား လွယ်သလား?
ဒီတော့ ‘ပြောင်းလဲဖို့ လိုလို့လား’ဆိုတဲ့မေးခွန်းကို ရှုထောင့်(၃)ခုကနေ စဉ်းစားကြတဲ့အခါ ပုံမှန်အားဖြင့် ‘လိုတယ်’ ဆိုတဲ့အဖြေမျိုး ထွက်လာလေ့ရှိတယ်။ အကြောင်းကတော့ လူ့စိတ်သဘောက ဆက်လက်ရှင်သန်ချင်တယ်၊ ပိုမို ကောင်းမွန်တိုးတက်ချင်တယ်၊ အသားစီးရပြီး ထွန်းပေါက်အောင်မြင်ချင်ကြလို့ပါပဲ။
ဒါပေမယ့် နောက်ထပ်မေးစရာ တစ်ခုရှိတာက ‘ပြောင်းလဲဖို့ လွယ်သလား’ဆိုတာပဲ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့၊ အမေရိကန်စာရေးဆရာ Alan Deutschman ရေးသားခဲ့တဲ့ Change or Die ဆိုတဲ့ စာအုပ်မှာ စာရေးဆရာက သူ့ရဲ့ လေ့လာတွေ့ရှိချက်အရ လူ(၁၀)ဦးမှာ(၉)ဦးက သူတို့ဘ၀ရဲ့သေရေးရှင်ရေးလိုအခြေအနေမျိုးမှာတောင် သူတို့ရဲ့ နေထိုင်မှုပုံစံနဲ့ အပြုအမူတွေကို မပြောင်းလဲခဲ့ကြဘူးလို့ဆိုပါတယ်။ Alan Deutschman က အမေရိကန်တွေမှာ ‘ဆေးလိပ်အလွန်အကျွံသောက်တာ၊ အရက်အလွန်အကျွံသောက်တာ၊ အလွန်အကျွံစားတာ၊ စိတ်ဖိစီးမှုများတာနဲ့ လေ့ကျင့်ခန်းလုံလုံလောက်လောက်မလုပ်တာ’ဆိုတဲ့ ဆိုးရွားတဲ့အပြုအမူ(၅)ခုရှိတာကိုတွေ့ရပြီး ဒီအချက်တွေကပဲ သူတို့ရဲ့ကျန်းမာရေးကို ဆိုးရွားစေခဲ့ပါတယ်။
အကယ်၍ ဒီနေထိုင်မှုပုံစံနဲ့အပြုအမူတွေကိုသာ ပြောင်းလဲနိုင်ကြ မယ်ဆိုရင် သူတို့ဘ၀လည်း ကျန်းမာကောင်းမွန်ပြီး အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဘတ်ဂျတ် (၈၀)ရာခိုင်နှုန်း (၅ပုံ/၄ပုံ) လောက်သက်သာသွားမှာဖြစ်ပေမယ့်၊ လူတွေဟာ သေရေးရှင်ရေးလိုအခြေအနေမှာတောင် သူတို့ဘ၀ အတွက် ပြောင်းလဲဖို့ မလုပ်ခဲ့ကြဘူးလို့ ဆိုပါတယ်။ အပြုအမူပြောင်းလဲခြင်းနဲ့ပတ်သက်ပြီး လူတွေတွန့်ဆုတ်တွေဝေ ငြင်းဆန်ရခြင်းအကြောင်းအရင်းတချို့ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာ၊ သက်တောင့်သက်သာမဖြစ်ဘဲ နာကျင်ရမှာကို ကြောက်ရွံ့တာ၊ ပြောင်းလဲရခြင်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပြည့်ပြည့်၀၀ မသိတာတို့ကြောင့် ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ခြုံပြီးကြည့်ရင် နေထိုင်မှုပုံစံနဲ့ အပြုအမူ အောင်မြင်စွာပြောင်းလဲနိုင်ဖို့ ဆိုရင် ပြင်ပ factors အကြောင်းချင်းရာတွေထက် အတွင်းစိတ်ကလာတဲ့ inner factors က ပိုပြီး အခရာကျတယ်လို့ ယုံကြည်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သမ္မာကျမ်းစာထဲက နေထိုင်မှုပုံစံနဲ့ အပြုအမူပြောင်းလဲသွားတဲ့သူတချို့ကို ကြည့် ရအောင်။
ပထမတစ်ယောက်ကတော့ အခွန်မှုးဇက္ခဲပါ။ ပထမရာစုခေတ် ရောမလက်အောက်မှာရှိတဲ့ ဂျူးအခွန်မှုးတွေဟာ ငွေကို အရမ်းတပ်မက်သူတွေပါ။ တကိုယ်ရည်ကောင်းစားရေးတစ်ခုကိုပဲကြည့်တတ်တဲ့ သူတို့စိတ်ဓာတ်နဲ့လုပ်ရပ်ကြောင့် လူတိုင်းက သူတို့ကိုမုန်းတီးစက်ဆုပ်ကြပါတယ်။
ဒါပေမယ့် ယေရှုဘုရားနဲ့တွေ့တဲ့အခါ သူ့ရဲ့ စိတ်ဓာတ်ရော၊လုပ်ရပ်ပါ လုံး၀ပြောင်းလဲသွားခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ ကျွန်ပြေးတစ်ဦးဖြစ်တဲ့ ဩနေသိမ်ပါ။
သူဟာ အရင်က သုံးမရ၊ အသုံးမကျတဲ့ ကျွန်ဆိုး၊ကျွန်ပြေးတစ်ယောက်ဖြစ်ခဲ့ပေမယ့် ယေရှုဘုရားရဲ့တရားစကားကြောင့် သူ့ဘ၀ဟာ တန်ဖိုးရှိတဲ့ အသုံးဝင်သူ၊ သစ္စာရှိပြီး ချစ်အပ်သူတစ်ဦး ဖြစ်လာခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ ကြောက်ရွံ့ စိတ်တွေ၊ ဒေါသစိတ်တွေနဲ့ပြည့်နေတဲ့ ဂိဒေါင်ဆိုတဲ့ လယ်သမားပါ။ သူဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းသူ၊ သိမ်ငယ်တတ်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် မိဒျန်လူတွေကို တွန်းလှန်တဲ့အရေးတော်ပုံမှာ ခေါင်းဆောင်ဖြစ်လာခဲ့ပါ တယ်။ တော်လှန်ရေးမှာလည်း လုံး၀မပြောပလောက်တဲ့ လူအင်အားနဲ့ လက်နက်ကိုပဲသုံးပြီး အောင်နိုင်ခဲ့တာ တွေ့ရပါ တယ်။
စိတ်သဘောထားမပြောင်းလဲဘဲ၊ အပြုအမူသာ ပြောင်းလဲခြင်းဟာ စစ်မှန်တယ်လို့ မယူဆပါဘူး။ ဖိအားကြောင့်၊ မက်လုံးကြောင့်လည်း အပြုအမူတွေပြောင်းလဲသွားတတ်ပေမယ့်၊ စိတ်ခံစားချက် ကနေဖြစ်လာတဲ့ အပြုအမူပြောင်းလဲခြင်းကသာ ပိုပြီးစစ်မှန်တည်ကြည်လေ့ရှိပါတယ်။ ဘုရားနဲ့ ထိတွေ့ခြင်းက ကျနော်တို့ကို အပေါ်ယံပြောင်းလဲပေးတာမျိုးမဟုတ်ဘဲ၊ လူသစ်တစ်ယောက်လို ပြောင်းလဲပေးခြင်းမျိုးဖြစ်ပါတယ်။ ဒီအကြောင်းကို နောက်ပိုင်းမှာ အသေးစိတ်ဆက်လက်ဆွေးနွေးသွားပါမယ်။
အချုပ်အနေနဲ့ ‘ပြောင်းလဲဖို့ လိုလို့လား’ဆိုတဲ့မေးခွန်းကိုဖြေရရင်အဖြေက ‘လိုအပ်တယ်’၊ ဒါပေမယ့် ‘ပြောင်းလဲဖို့ လွယ်သလား’လို့မေးရင် ထင်ထားတာထက် ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်စိတ်ခွန်အားနဲ့ မဖြစ်နိုင်ရင်တောင် ဘုရားမှာ နည်းလမ်းရှိတယ်။ ယေရှုဘုရား ကူညီပေးနိုင်တယ်၊ ယေရှုဘုရားအားဖြင့်ဖြစ်လာတဲ့ပြောင်းလဲခြင်းဟာ အပေါ်ယံပြောင်းလဲခြင်း မဟုတ်ဘဲ၊ စစ်မှန်တည်မြဲတဲ့ ပြောင်းလဲခြင်းဖြစ်တယ်လို့ ဆိုချင်ပါတယ်။