"ဒုက္ခဆင်းရဲပြဿနာနဲ့ပတ်သက်ပြီး
ခရစ်ယာန်တွေက ဘယ်လိုရှုမြင်ခံယူကြသလဲ"
ဆင်းရဲဒုက္ခတွေနဲ့ တွေ့ကြုံကြတဲ့အခါ လူတွေမှာဖြစ်တတ်တဲ့သဘာ၀တစ်ခုက ......
‘ဘာကြောင့် ငါ့ကိုမှ ကြုံစေရတာလဲ’၊ ‘ဘာလို့ အခုချိန်မှ ကြုံစေတာလဲ’(Why me? Why now?) ဆိုပြီး နာကျည်းစိတ်ပျက်စွာ မေးခွန်းထုတ်တာမျိုး
ဖြစ်ပါ တယ်။
အဲဒီ့အချိန်မှာ ဘုရားဆိုတာရှိမှရှိရဲ့လား၊ ဘုရားက ဘာကြောင့် ငါ့ကိုဒါတွေကြုံစေတာလဲ စသဖြင့် မေးခွန်းတွေ၊ စောဒကတွေ၊ သံသယတွေ တသီကြီး ထွက်ပေါ်လာလေ့ရှိပါတယ်။ တကယ်တော့ ဆင်းရဲဒုက္ခတွေဟာ ဘုရားနဲ့ ပတ်သက်ပြီး အချိန်တော်တော်ကြာကြာ စိတ်ဝင်မစား၊ ဂရုမစိုက်၊ ငိုက်မြည်းအိပ်ပျော်နေတဲ့ ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်ကို ရိုက်ပုတ်လှုပ်နှိုးလိုက်တဲ့အချင်းအရာလို့တောင် ဆိုနိုင်ပါတယ်။
ဒီအချိန်မှပဲ တရားဓမ္မတွေဆီကို ချဉ်းကပ်ပြီး ဆင်းရဲဒုက္ခတွေကနေ သက်သာရာရှာတတ်ကြပါတယ်။ ဒီနေ့မှာတော့ ဆင်းရဲဒုက္ခပြဿနာနဲ့စပ်လျဉ်းပြီး သမ္မာကျမ်းစာကဖော်ပြတဲ့ ခရစ်ယာန်တွေရဲ့အခြေခံယုံကြည်ချက်(၄)ချက်အကြောင်းကို ဆွေးနွေးသွားပါမယ်။
(၁) ဆင်းရဲဒုက္ခကို ရှောင်လွှဲလို့မရဘူး။ ဒါကြောင့် မျှော်လင့်ပြင်ဆင်ထားပါ။
ဆင်းရဲဒုက္ခကင်းတဲ့ဘ၀ကို ဘုရားက ကတိမပေးထားပါဘူး...
‘ဆင်းရဲဒုက္ခတွေ ကြုံရကောင်း ကြုံရနိုင်တယ်’လို့တောင် မပြောပါဘူး။
“သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်”လို့ အတိအလင်း ပြောထားခဲ့တာပါ။
ဒါကြောင့် ဆင်းရဲဒုက္ခတွေကြုံလာရမှာကို မျှော်လင့်ထားဖို့၊ ပြင်ဆင်ထားဖို့လိုတယ်။ ဒီနေရာမှာ ကြုံဆုံရမယ့် ဆင်းရဲဒုက္ခတွေဟာ ဘယ်လောက်အတိုင်းအတာအထိ ကြီးမားပြင်းထန်နိုင်သလဲလို့မေးရင် ရှင်ပေါလုက မခံနိုင်လောက်တဲ့ဆင်းရဲဒုက္ခကို မပေးဘူးလို့ အစက ယုံကြည်ထင်မှတ်ထားခဲ့တယ်။ နောက်ပိုင်းမှာတော့ မခံနိုင်လောက်တဲ့အတိုင်းအတာအထိ၊ ရှင်သန်ဖို့ မျှော်လင့်ချက်မဲ့သွားပြီး၊ သေလူလို့အခြေအနေမျိုးအထိ ရင်ဆိုင်ရခဲ့ကြောင်း ပြန်လည်ဖော်ပြခဲ့တယ်။
ဒါကြောင့် သေဘေးလို ဆိုးရွားတဲ့အခြေအနေမျိုးအထိ ကြီးမားပြင်းထန်တဲ့ဆင်းရဲဒုက္ခတွေကိုလည်း ကြုံရနိုင်ကြောင်း မျှော်လင့်၊ ပြင်ဆင်ထားဖို့ လိုတယ်။
ဒါတွေကို ကြိုတင်မျှော်လင့်ပြင်ဆင်ထားရင် ဆင်းရဲဒုက္ခတွေနဲ့ကြုံဆုံရတဲ့အခါ ထိတ်လန့်တုန်လှုပ်တာ သက်သာလိမ့်မယ်။ ခံနိုင်ရည်ရှိဖို့ အားယူနိုင်မယ်။ ကျော်လွှားနိုင်ဖို့ ပြင်ဆင်ထားနိုင်မယ်။
ဥပမာ - လက်ဝှေ့ကြိုး၀ိုင်းထဲမှာ ထိုးသတ်မယ့် လက်ဝှေ့သမားနဲ့ သူ့ကိုလေ့ကျင့်ပေးနေတဲ့ နည်းပြလိုပေါ့။ နည်းပြက လက်ဝှေ့ ကြိုး၀ိုင်းထဲမှာ
ကိုယ်လည်းအထိုးအကြိတ်ခံရနိုင်တယ်၊ ကိုယ်နဲ့ထိုးသတ်ရမယ့်ပြိုင်ဖက်ဟာ ကိုယ့်ထက် ကြံ့ခိုင်ကြမ်းတမ်း သန်မာလွန်းနိုင်တယ်၊ ထိုးကြိတ်ကြတဲ့အခါ
ကျိုးပဲ့ထိခိုက်ရုံမက၊ အဆိုးဆုံး ဒုက္ခိတဘ၀နဲ့ သေဘေး အထိတောင် ကြုံရနိုင်တယ်လို့ ကြိုတင်သတိပေးထားသလိုမျိုးပေါ့။ ဒီလိုသိထား၊မျှော်လင့်ထားရင်
ဒီအခြေအနေကို ရင်ဆိုင်နိုင်ဖို့ သေချာပြင်ဆင်ထားလို့ ရသွားသလိုမျိုးပေါ့။
(၂) ဆင်းရဲဒုက္ခတွေထဲကနေ ဘုရားသခင်ကယ်နှုတ်ကူမတဲ့အချိန်တွေရှိလိမ့်မယ်။ ဒါပေမယ့် အမြဲတမ်း ကယ်တင်ပေး လိမ့်မယ်လို့ မမျှော်လင့်ထားပါနဲ့။
သမ္မာကျမ်းစာက ဘုရားသခင်ဟာ ‘ဖန်ဆင်းရှင်၊ တန်ခိုးရှင်’လို့ဖော်ပြထားတာကြောင့် ဘုရားပြတဲ့ သဘာ၀လွန်အံ့ဖွယ် ဖြစ်ရပ်တွေ၊ဘုရားရဲ့တန်ခိုးတော်ထင်ရှားမှုတွေကို သမ္မာကျမ်းထဲမှာသာမက၊ သမ္မာကျမ်းပြင်ပမှာပါ တွေ့နိုင်ပါတယ်။ ဒါပေမယ့် ဘုရားသခင်ဟာ တချိန်လုံး တန်ခိုးတွေလိုက်ပြပြီး
ကယ်တင်နေတာတော့ မဟုတ်ပါဘူး။
ဥပမာ - ယေရှု ဘုရားမိန့်ခဲ့တဲ့စကားတစ်ခွန်းကို ကြည့်ပါ။ ယေရှုက “ပရောဖက်ဧလိရှဲလက်ထက်မှာ အစ္စရေးတိုင်းပြည်မှာ
အနူရောဂါ ဖြစ်နေသူတွေများကြီးရှိတယ်၊ ဒါပေမယ့် ဆီးရီးယားဗိုလ်ချုပ်မင်း နေမန်တစ်ယောက်ကိုပဲ ကျန်းမာသန့်စင်ခဲ့တယ်”လို့ ဆိုပါတယ်။ အနူသည်ဗိုလ်ချုပ်မင်းကို ကျန်းမာစေခဲ့တာမှန်ပေမယ့် အနူသည်တိုင်းကို ကျန်းမာစေခဲ့တာ မဟုတ်ပါဘူး။ ယေရှုဘုရားကိုယ်တိုင်ကလည်း သေလွန်ပြီးသူ(၃)ဦးကို
သေခြင်းကနေ အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့ပေမယ့်၊ သူ့ရဲ့အစ်ကိုဝမ်းကွဲဖြစ်တဲ့ ယောဟန်ကိုတော့ မသေအောင် မလုပ်ပေးခဲ့သလို၊
သေရာကနေ ပြန်ရှင်အောင်လည်း လုပ်မပေးခဲ့ပါဘူး။
နောက်ဆုံး သူကိုယ်တိုင် လက်ဝါးကားတိုင်မှာ အသေခံခဲ့စဉ်မှာလည်း ....
“အကျွန်ုပ်ဘုရား၊ အကျွန်ုပ် ဘုရား၊ ဘာကြောင့် အကျွန်ုပ်ကို မကယ်တင်ရသလဲ”လို့ မမေးခဲ့ဘူး။
“အဘယ့်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်သလဲ”လို့ပဲ မေးခဲ့တာပါ။
ဘုရားက သူ့ကိုလက်ဝါးကားတိုင်ကနေ ကယ်တင်ပေးနိုင်တာကို သူယုံကြည်တယ်။ ဒါပေမယ့်ကယ်တင် ပေးလာဖို့ သူမမျှော်လင့်ခဲ့ဘူး။ ဒါကြောင့်လည်း
‘ဘာလို့ မကယ်ရသလဲ’ဆိုပြီး သူမမေးခဲ့ဘူး။ နောက်ဖြစ်ရပ်အနေနဲ့ ဗာဗုလုန်မှာ စစ်သုံပန်းဖြစ်ခဲ့တဲ့ ဒံယေလရဲ့ မိတ်ဆွေသုံးဦးတို့ဟာ
သူတို့ကို ခြိမ်းခြောက်နေတဲ့ ဗာဗုလုန်ဘုရင်ရှေ့မှာ ဒီလိုပြောခဲ့ဖူးတယ်။
“ကျွန်ုပ်တို့ကိုးကွယ်တဲ့ဘုရားက မီးလောင်နေတဲ့ ဒီမီးဖိုထဲကနေ ကျွန်ုပ်တို့ကို ကယ်လွှတ်နိုင်တယ်၊ အကယ်၍
မကယ်လွှတ်ခဲ့ရင်လည်း အရှင်မင်းကြီးရဲ့ ရုပ်တုကိုတော့ မကိုးကွယ်နိုင်ပါ”လို့ ပြောခဲ့တယ်။
သူတို့(၃)ဦးလုံး က ဘုရားရဲ့ကူမကယ်တင်နိုင်စွမ်းကို သံသယမရှိ ယုံကြည်ကြသလို၊ ဘုရားရဲ့ကူမကယ်တင်ခြင်း မဖြစ်ပေါ်လာခဲ့ရင် လည်း အဲဒီ့အခြေအနေအတွက် ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ ကယ်တင်မှ ယုံတာမျိုး၊ ကယ်တင်လို့ ယုံတာမျိုး မဟုတ်ဘဲ၊ မကယ်တင်ရင်လည်း ဘုရားရဲ့တန်ခိုးတော်၊ မေတ္တာတော်၊ အကြံအစည်နဲ့ အစီအစဉ်တွေကို သူတို့ စိတ်ချ ယုံကြည်နေမြဲဖြစ်ကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။