"ဒုက္ခဆင်းရဲပြဿနာနဲ့ပတ်သက်ပြီး

ခရစ်ယာန်တွေက ဘယ်လိုရှုမြင်ခံယူကြသလဲ"


(၃) ဆင်းရဲဒုက္ခတွေဟာ ဘုရားရဲ့အစီအစဉ်အထဲမှာ ပါဝင်နေတယ်။ ဒါကြောင့် အဆိုးချည်းပဲ မမြင်ပါနဲ့။ 

သမ္မာကျမ်းစာအရ ဆင်းရဲဒုက္ခတွေဟာ ဘုရားရဲ့အစီအစဉ်ထဲမှာ တစိတ်တဒေသအဖြစ် ပါဝင်နေကြောင်း ဖော်ပြထား တာတွေ့ရပါတယ်။


ဥပမာ - ယုံကြည်ခံယူချက်ကြောင့်ကြုံရတဲ့ ဆင်းရဲဒုက္ခတွေရှိမယ်။ ဆိုးညစ်ပေတေပြီး မိုက်မဲစွာ ရှင်သန်ရင်း ဆိုးရွားတဲ့ဒုက္ခတွေ မဖြစ်စေ၊ မကြုံရစေဖို့ သတိပေး၊ကယ်တင်တဲ့အနေနဲ့ကြုံရတဲ့ ဆင်းရဲဒုက္ခတွေရှိမယ်။


နောက်ပြီး သစ္စာရှိမှု၊ဖြောင့်မှန်တည်ကြည်မှုတွေကို စစ်ဆေးမှတ်ကျောက်တင်ဖို့ကြုံရတဲ့ ဆင်းရဲဒုက္ခတွေလည်း ရှိမယ်၊ သူတပါးကို ကိုယ့်ဘ၀နဲ့ယှဉ်ပြီး ထောက်မအားပေးနှစ်သိမ့်နိုင်ဖို့ ကြုံရတဲ့ ဆင်းရဲဒုက္ခတွေလည်း ရှိတယ်။ ကောင်းတဲ့ ပါရမီတွေ ဖြစ်ထွန်းစေဖို့၊ ရင့်ကျက်လာစေဖို့၊ ခရစ်တော်လို စရိုက်လက္ခဏာတွေ ဖွံ့ဖြိုးလာစေဖို့ ကြုံရတဲ့ ဆင်းရဲဒုက္ခ တွေလည်း ရှိပါတယ်။ ဒီဆင်းရဲဒုက္ခတွေဟာ ဘုရားရဲ့အစီအစဉ်၊ ခွင့်ပြုချက်နဲ့ ကြုံရတဲ့အရာတွေဖြစ်တာကြောင့် ဒါတွေဟာ ကျွန်တော်တို့အကျိုးယုတ်စေဖို့မဟုတ်ဘဲ၊ ရေရှည်တည်မြဲတဲ့မင်္ဂလာနဲ့ အကျိုးထူးတွေကိုဖြစ်ထွန်းစေဖို့ ကြုံရတဲ့ဆင်းရဲဒုက္ခတွေသာ

ဖြစ်ပါတယ်။ 


(၄) ဆင်းရဲဒုက္ခတွေဟာ ဘုရားရဲ့မေတ္တာ၊ သစ္စာရှိမှုနဲ့ ထောက်မကျေးဇူးပြုမှုတွေကို ခံစားရရာနေရာလည်း ဖြစ်တယ်။ 

ရုတ်တရက်ကြည့်ရင် ဆင်းရဲဒုက္ခတွေကြောင့် လူတွေဟာ ဘုရားကို နားမလည်၊ ဘုရားကို စိတ်နာပြီး စွန့်ခွာသွားတတ် ကြတာသဘာ၀ပါ။


ဒါပေမယ့် သမ္မာကျမ်းစာအရ ဆင်းရဲဒုက္ခတွေဟာ ဘုရားနဲ့ လူကို ခွဲခွာစေတဲ့အရာမဟုတ်တဲ့အပြင် ဘုရားကို ပိုပြီးနားလည်လာစေ၊ ဘုရားကို ပိုပြီးဖက်တွယ်လာစေ၊ ချစ်မြတ်နိုးလာစေတဲ့အရာ၊ ဘုရားရဲ့သစ္စာရှိမှုနဲ့ ကောင်းမြတ်မှုတွေကို ပိုပြီးတွေ့မြင်ခံစားမိစေတဲ့အရာတောင်ဖြစ်နေတတ်ကြောင်း တွေ့ရပါတယ်။


ဥပမာ - ရှင်ပေါလုက ဒုက္ခဆင်းရဲရောက်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ ငတ်မွတ်ခြင်း၊ အဝတ်မဲ့ခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ လုပ်ကြံခြင်းတွေကိုကြုံဆုံရင်ဆိုင်ရပေမယ့် အဲဒီ့လိုဆိုးရွားတဲ့အခြေအနေထဲမှာတောင် ဘုရားရဲ့ချစ်ခြင်းမေတ္တာကို ခိုင်ခိုင်မာမာ ခံစားရတယ်လို့ ဆိုခဲ့တယ်။ ပုံမှန်အားဖြင့် ဒီလိုအခြေအနေမှာ လူတွေဟာ စိတ်ပျက်သွား၊ စိတ်ယိုင်သွား ကြတယ်၊ ခက်ထန်ကြမ်းတမ်းသွားကြပြီး ရန်လိုလာတတ်ကြတာ သဘာ၀ဖြစ်ပါတယ်။


ဒါပေမယ့် အဲဒီလိုအခြေအနေ မျိုးမှာတောင် သူတည်ငြိမ်နိုင်တာ၊ မျှော်လင့်ချက်ရှိနေတာ၊ ရန်လိုသူတွေအပေါ် သည်းခံ၊မေတ္တာထားနိုင်တာ၊ ယုံကြည် ခံယူချက်ကို အလျှော့အတင်းမလုပ်ဘဲ တည်ကြည်စွာ ဆက်ပြီးစွဲမြဲဆုပ်ကိုင်နိုင်တာ၊ သေလောက်တဲ့ အန္တရာယ်နဲ့ ခြိမ်းခြောက်မှုတွေကြားထဲမှာ ရဲရင့်နေတာတွေဟာ သူ့ရဲ့စိတ်ဓာတ်ခွန်အားကြောင့် မဟုတ်ဘဲ၊ ဘုရားပေးတဲ့ ခွန်အား တွေ၊ ခံနိုင်ရည်နဲ့ကြံ့ခိုင်မှုတွေကြောင့် ဖြစ်တယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ် သိမြင်လာတာ ဖြစ်ပါတယ်။


ဒီလိုဆင်းရဲ ဒုက္ခတွေကြားထဲမှာ ဘုရားက ကိုယ့်ကိုစွန့်ခွာမသွားတဲ့အပြင် ကိုယ့်ကိုထောက်မပေးနေကြောင်း၊ ဒါကြောင့် ဒီလောက် ကြုံရတာတောင် မပြိုမလဲ၊ ကြံ့ကြံ့ခံနိုင်တာဖြစ်ကြောင်း သိမြင်လာတဲ့အခါ ဘုရားရဲ့ချစ်ခြင်းမေတ္တာနဲ့ ထောက်မ ကျေးဇူးပြုမှုတွေကို ခံစားရလာတယ်။ ဒါကြောင့်လည်း ဘယ်လိုအချင်းအရာကမှ ဘုရားရဲ့မေတ္တာကနေ ငါတို့ကို ဆွဲထုတ်ခွာပစ်လို့မရတဲ့အပြင်၊ ဘုရားရဲ့မေတ္တာကျေးဇူးကြောင့် ဆင်းရဲဒုက္ခတွေကို အထူးအောင်မြင်ကြတယ်လို့

ဆိုခဲ့တာ ဖြစ်ပါတယ်။


မကြာသေးခင်က ကွယ်လွန်သွားခဲ့တဲ့ NightBirde လို့ အများသိကြတဲ့ အမေရိကန်သူ Jane Marczewski ကို မှတ်မိကြမယ်ထင်ပါတယ်။ America's Got Talent ပြိုင်ပွဲမှာ သူ့ဘ၀အကြောင်း သူကိုယ်တိုင်ရေးစပ်ထားတဲ့ It’s okay ဆိုတဲ့သီချင်းနဲ့ သီဆိုပြိုင်ပွဲဝင်ရင်း Simon ပေးတဲ့ Golden Buzzer ဆုကို ရရှိခဲ့သူဖြစ်ပါတယ်။ သူ့သီချင်း ကသာ It’s okay (အဆင်ပြေပါတယ်) လို့ ဆိုပေမယ့် သူ့ဘ၀က တကယ်တော့ အဆင်ပြေခဲ့ပုံမရပါဘူး။ သူ့အသက် (၂၀)ကျော်အရွယ်မှာ ရင်သားကင်ဆာ (အဆင့်-၃)ကို ခံစားခဲ့ရတယ်။ (၁၀)လလောက် ကုသမှုခံယူပြီးနောက်မှာ ရင်သားကင်ဆာကို တွန်းလှန်နိုင်ခဲ့တယ်။ ဒါပေမယ့် (၂)နှစ်အတွင်းမှာပဲ အဆုတ်၊ ကျောရိုးနဲ့ အသဲကင်ဆာကိုလည်း ဆက်လက်ခံစားခဲ့ရပြီး အသက်ရှင်ဖို့ အခွင့်အရေး (၂%)ပဲ ရှိခဲ့တယ်။ နောက်(၆)လလောက်ပဲ နေရတော့မယ်လို့ ဆရာဝန်တွေက သူ့ကို ပြောခဲ့တယ်။ ကင်ဆာတိုက်ပွဲဝင်နေရချိန်မှာ (၅)နှစ်ကြာ အတူလက်ထပ်ပေါင်းသင်းခဲ့တဲ့ ခင်ပွန်းသည်ကလည်း သူ့ကို ပစ်သွားခဲ့တယ်။


ဒါကြောင့်လည်း ကင်ဆာဝေဒနာပြင်းပြင်းထန်ထန်ခံစားရချိန်တွေမှာ သူ့ဘ၀ကို It’s okay လို့ပြောပြီး အကောင်းမြင် နိုင်ဖို့ မလွယ်ခဲ့ပါဘူး။ ရေချိုးခန်းကြမ်းပြင်က တခါတရံ သူမအိပ်စက်လေ့ရှိတဲ့နေရာဖြစ်လာတယ်။ အဲဒီ့မှာ သူ့စိတ်ထဲ ရှိသလို အော်မယ်၊ ပေါက်ကွဲချင်တိုင်း ပေါက်ကွဲမယ်၊ ရုပ်ဆိုးအကျည်းတန်စွာ နေချင်သလို နေလေ့ရှိတဲ့နေရာ ဖြစ်လာ တယ်။ သူ့ဘလော့မှာ ဒီလိုရေးခဲ့ဖူးတယ်။ 


“ဘုရားသခင်က ကျွန်မရဲ့အောက်ထပ်က အိမ်နီးချင်းလိုပဲ။ ဘုရားသခင်ဆီ ကျွန်မနေ့တိုင်း သွားတယ်။ တခါတလေ သီချင်းတွေနဲ့၊ တခါတလေ ပြစ်တင်ကျိန်ဆဲတဲ့စကားတွေနဲ့၊ တခါတလေ တောင်းပန်စကားတွေ၊ တခါတလေ လက်ဆောင်တွေ၊ မေးခွန်းတွေ၊ တောင်းဆိုမှုတွေနဲ့ ရောက်သွားတယ်”



သူ့ဘ၀မှာကြုံနေရတာတွေနဲ့ပတ်သက်ပြီး ဘုရားမှာ ဘယ်လိုအတွေးမျိုး၊ အစီအစဉ်မျိုးရှိနေတာကို သူနားမလည် နိုင်ပေမယ့်ဘုရားဟာ သူနဲ့အတူရှိနေတာကိုတော့ သူအသေအချာသိနေတယ်လို့ သူမပြောခဲ့တယ်။


“ကျွန်မသေချာသိတာ တစ်ခုတော့ရှိတယ်။ နာကျင်ခံစားရတာတွေနဲ့ပတ်သက်လာရင် ဘုရားသခင်က နာကျင်မှုတွေကို ဖယ်ရှားပေးမယ့်အစား၊ နာကျင်မှုတွေနေရာမှာ တစ်ခုခုထပ်ဖြည့်ပေးတတ်တယ် ဆိုတာပဲ။ ဘုရားသခင်ဟာ ဖယ်ရှား ပေးသူထက်၊ ဖြည့်ဆည်းပေးသူလို့ ကျွန်မထင်တယ်။ ကျွန်မဆီက အမှောင်တွေကို သူ မဖယ်ရှားခဲ့ဘူး၊ ဒါပေမယ့် အလင်းကို သူယူလာပေးတယ်။ ငတ်မွတ်မှုကို မရှောင်လွဲစေခဲ့ဘူး၊ ဒါပေမယ့် သောက်ဖို့ရေကိုယူလာပေးတယ်။ ကျွန်မရဲ့အထီးကျန်မှုကို မကုသပေးခဲ့ဘူး၊ ဒါပေမယ့် ကျွန်မအနားကို သူအရောက်လာခဲ့တယ်။ ဒါဆိုရင် နာကျင်မှုတွေ ခံစားနေရချိန်မှာ ဘုရားက အဝေးမှာရှိနေတယ်လို့ ဘာကြောင့်ကျွန်မတို့ ယုံကြည်နေကြဦးမှာလဲ”


သူမက ပြောခဲ့သေးတယ်...


“ကင်ဆာက ကျွန်မဘ၀ကို ဖျက်ဆီးဖြိုလှဲပစ်မယ်လို့ ကျွန်မထင်ခဲ့တယ်၊ တကယ်တော့ ကျွန်မကို ဘ၀အသစ်တစ်ခုအစပြုပေးလိုက်တာပါ” 

ကျွန်ုပ်တို့ဆီ ရင်ဖွင့်ဆွေးနွေးတိုင်ပင်လိုရင်

ဆက်သွယ်နိုင်ပါတယ်။

ဆက်သွယ်မည် ဆက်သွယ်မည်