စွဲလမ်းမှု ပြဿနာကို လေ့လာခြင်း
၂၀၁၈ ခုနှစ်မှာ Coca-Cola ကုမ္ပဏီရဲ့ လက်အောက်ခံကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Vitamin Water ဆိုတဲ့ ကုမ္ပဏီက Challenge တစ်ခုလုပ်ခဲ့ပါတယ်။
Challenge ကတော့ တစ်နှစ်တိတိ စမတ်ဖုန်းမသုံးဘဲနေနိုင်မယ်ဆိုရင် အမေရိကန်ဒေါ်လာ (၁)သိန်း ရမှာဖြစ်ပြီး၊ (၆)လတိတိ မသုံးဘဲနေနိုင်ခဲ့ရင် ဒေါ်လာ (၁)သောင်းရမယ့် Challenge ဖြစ်ပါတယ်။
ဒါပေမယ့် ဒီ challenge မှာ ပါဝင်ခဲ့သူတွေထဲက ၇၉%ဟာ နောက်တစ်နေ့မနက်မှာပဲ သူတို့ရဲ့စမတ်ဖုန်းကို ကောက်ကိုင်ခဲ့ကြလို့ Challenge မှာ ကျရှုံးသွားခဲ့ကြပြီး၊ ဖုန်းမကိုင်ဘဲ တောင့်ခံထားနိုင်ခဲ့တဲ့ ကျန်တဲ့သူတွေထဲက ၄၀%လောက်ကလည်း Nomophobia လို့ ခေါ်တဲ့ လက်ထဲမှာ ဖုန်းမရှိလို့ စိတ်သောကဝေဒနာခံစားခဲ့ကြရတယ်လို့ ဆိုပါတယ်။
ဒါကတော့ စွဲလန်းမှုရဲ့ စွမ်းအားကို ဖော်ပြလိုက်တဲ့ ထင်ရှားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။
ဒီနေ့မှာတော့ ဖြတ်တောက်ရခက်တဲ့ စွဲလမ်းခြင်းတွေဖြစ်တဲ့ အရက်၊ အလောင်းကစား၊ မူးယစ်ဆေးဝါး၊ အပြာရုပ်သံ၊
လိင်အပျော်အပါး…အစရှိတဲ့ စွဲလမ်းခြင်းပြဿနာတွေအကြောင်း ဆွေးနွေးသွားပါမယ်။ တစ်ခုခုကို စွဲလမ်းသွားသူတွေဟာ မကောင်းမှန်းသိပေမယ့်လည်း ဖြတ်ဖို့၊ရပ်ဖို့ ခက်ကြပါတယ်။
မကောင်းမှန်းသိလျက်နဲ့ မလုပ်ရ မနေနိုင်ဖြစ်ပြီး ဆက်လုပ်မိ နေတာ၊ လုပ်ပြီးရင်လည်း နောင်တတွေရနေတာက သိပ်ကိုဆိုးတဲ့ ခံစားချက်ပါ။
ဒီလိုဆိုးရွားတဲ့ စွဲလမ်းမှုနွံကနေ ဘယ်လို ရုန်းထွက်နိုင်မလဲဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးဖော်ပြသွားပါမယ်။
အဓိပ္ပာယ်ဖွင့်ဆိုချက်
အပြုအမူတစ်ခုခုကို စွဲလမ်းတဲ့အခါ ‘မလုပ်ရ မနေနိုင်’ ဆိုတဲ့ လက္ခဏာပေါ်လာပါတယ်။
ဆေးပညာအရ တစ်ခုခုကို စွဲလမ်း တယ်လို့ပြောနိုင်ဖို့အတွက် အောက်ကအချက်တွေထဲက အနည်းဆုံး (၂)ချက်ရှိရပါမယ်။
ဒီစွဲလမ်းမှုကြောင့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ မိသားစုရေး၊ ငွေကြေးနဲ့ လုပ်ငန်းခွင်တွေမှာ ပျက်ကွက်တာ တွေ၊ ထိခိုက်နစ်နာဆုံးရှုံးမှုတွေ ရှိနေတာသိပေမယ့်လည်း မရပ်တန့်နိုင်ဘဲ ဆက်လုပ်မိနေတာ။
ရုတ်တရက် ရပ်လိုက်ရင် အစိမ်းဖြတ်တဲ့လက္ခဏာတွေပေါ်လာတာ (ဒါမှမဟုတ်) အစားထိုးဖို့ နောက်တစ်ခုကို ပြောင်းသုံးနေရတာ။
စွဲလမ်းမှု ဖြစ်တည်လာပုံ
လေ့လာချက်တွေအရ စွဲလမ်းမှုတွေအားလုံးမှာ တူညီတဲ့ပုံစံတွေရှိနေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ ဒိုပါမင်း Dopamine လို့ခေါ်တဲ့ ဟော်မုန်းဓာတ်တစ်မျိုးရှိပါတယ်။ အလုပ်တစ်ခုခုလုပ်တဲ့အခါ၊ လူမှုပေါင်းသင်းဆက်ဆံတဲ့ အခါ၊ တစ်ခုခုစားတဲ့အခါ ပျော်ရွှင်မှု၊ နှစ်သက်ကျေနပ်မှုကိုခံစားရပြီး ထပ်ခါထပ်ခါလုပ်ဆောင်ချင်စိတ်တွေ ဖြစ်ပေါ်လာရ ခြင်းက ဒိုပါမင်းဓာတ်ကြောင့်ပဲ ဖြစ်ပါတယ်။
ဒိုပါမင်းက သာယာမှု၊ ကျေနပ်မှု၊ စိတ်တက်ကြွမှုကိုပေးတဲ့ ဟော်မုန်းဓာတ်ဖြစ် ပြီး၊ နေ့စဉ် ရှင်သန်လှုပ်ရှားဖို့ စိတ်ခွန်အား၊ စိတ်လှုပ်ရှားမှုနဲ့ စိတ်အားထက်သန်မှုတွေကိုပေးတဲ့ မရှိမဖြစ်လိုအပ်တဲ့ အခြေခံ ဟော်မုန်းဓာတ် ဖြစ်ပါတယ်။
ဒိုပါမင်း ပုံမှန်ရှိနေတဲ့လူက သွားလာစားသောက်မယ်၊ လေ့လာသင်ယူမယ်၊ အလုပ်လုပ်မယ်၊ မိတ်ဖွဲ့ပြောဆိုမယ်၊ ပျော်စရာရှိပျော်မယ်၊ ငိုစရာရှိ ငိုမယ်၊ လူသားဆန်မယ်ပေါ့။ ဒိုပါမင်းဓာတ်အားနည်းနေရင်တော့ စိတ်ပါ ဝင်စားမှု လျော့လာမယ်၊ အာရုံနောက်သလို ပျင်းသလိုလိုတွေ ဖြစ်လာမယ်။ ဒိုပါမင်းတွေများများ ထွက်လာတဲ့အခါမှာတော့ စိတ်အားထက်သန်မှု၊ အာရုံစိုက်မှုအားကောင်းလာတယ်၊ စိတ်ကျေနပ်မှုပိုခံစားရတယ်၊ လုပ်ဆောင်မှုတွေကိုလည်းမြင့်တက် လာစေပါတယ်။ ဒါပေမယ့် အရက်၊ မူးယစ်ဆေးသုံးစွဲချိန်မှာ ထုတ်လွှတ်တဲ့ ဒိုပါမင်းဓါတ်ဟာ ပုံမှန်အချိန်မှာ သာယာမှုကို ခံစားရဖို့ ထုတ်လွှတ်လေ့ရှိတဲ့ပမာဏထက် (၂)ဆကနေ (၁၀)ဆအထိ ပိုများပြားလေ့ရှိပါတယ်။
ဒါကြောင့် သုံးစွဲသူဟာ ပုံမှန် ထက် ပိုမိုသာယာကျေနပ်မှုကိုခံစားရပြီး စိတ်ဓာတ်တက်ကြွလာပါတယ်။ ဒါပေမယ့် ဒီလိုအလွန်အမင်း သာယာမှုခံစားချက် က ကြာရှည်မခံပါဘူး။ ဒါကြောင့်လည်း ဒီသာယာမှုကို ထပ်မံခံစားချင်တဲ့ စိတ်ဆန္ဒက ဦးနှောက်ကို ထပ်ခါထပ်ခါ လှုံ့ဆော်ပါ တော့တယ်။ ကိုယ့်ရဲ့ စိတ်အာရုံတွေကိုလည်း အဲ့ဒီ့အရာထဲမှာ နစ်မြုပ်ပစ်လိုက်ပါတယ်။
ဒီလိုနဲ့ ရေရှည်ဆက်ပြီး သုံးစွဲလာတဲ့ အခါ ဦးနှောက်ရဲ့ အခြားအစိတ်အပိုင်းတွေကိုပါထိခိုက်စေပြီး ရပ်ဖို့၊ ဖြတ်ဖို့ ခက်ခဲလာစေပါတယ်။ ကျွန်တော်တို့ ဦးနှောက်ရဲ့ အရှေ့ဘက်ခြမ်း (Frontal lobe)ဟာ ကျိုးကြောင်းဆင်ခြင်ရာနေရာနဲ့၊ လူရဲ့အမူအကျင့်တွေကို ဆင်ခြင်တုံတရားနဲ့ ထိန်းချုပ် ဖို့ အလုပ်လုပ်ရာနေရာဖြစ်ပါတယ်။ အရက်၊ မူးယစ်ဆေးကို လွန်လွန်ကျူးကျူးသုံးစွဲမိတဲ့အခါ အဲ့ဒီအပိုင်းဟာ ထိခိုက်သွား ပါတယ်။
ဒါပေမယ့်လည်း ဒီစွဲလမ်းမှုတွေကို ရပ်တန့်နိုင်လာတဲ့အခါ ဦးနှောက်ဟာ ပြန်လည် ကျန်းမာကောင်းမွန်လာနိုင် တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
စွဲလမ်းမှုတွေဖြစ်စေတဲ့ အကြောင်းရင်း
စွဲလမ်းမှုဆိုတာက ဒါလုပ်လို့ ဒါဖြစ်တယ်ဆိုပြီး တစ်ချက်တည်းနဲ့ ပြောဖို့ခက်ပါတယ်။ လူတစ်ယောက်ကို တစ်ခုခုမှာ စွဲလမ်း သွားအောင် တွန်းအားပေးနေတဲ့အချက်တွေ အများကြီး ရှိပါတယ်။ ခြုံပြောရရင် လူတစ်ယောက်ကို စွဲလမ်းမှုထဲ တွန်းပို့တဲ့ အချက်(၃)ခု ရှိပါတယ်။
"ဇီဝဗေဒအချက်"
စွဲလမ်းမှုတွေရဲ့ ထက်၀က်လောက်က ဇီ၀ကမ္မနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။ အပေါ်မှာ ဆွေးနွေးခဲ့တဲ့ ဦးနှောက်ထဲက ဒိုပါမင်းလိုခေါ်တဲ့ဟော်မုန်းဓာတ်တွေရဲ့ လွှမ်းမိုးထားခြင်းကြောင့် ဖြစ်ပါတယ်။
"စိတ်ပိုင်းဆိုင်ရာအချက်"
တစ်ခုခုကို စူးစမ်းချင်တာ၊ ငယ်စဉ်ကရခဲ့တဲ့ စိတ်ဒဏ်ရာတွေကို မေ့ပျောက်ချင်တာ၊ စိတ်ကျရောဂါ၊ စိတ်ရှုပ်ထွေးတဲ့ ပြဿနာ၊ အာရုံမစူးစိုက်နိုင်တာတွေကို နည်းမှန်လမ်းမှန်နဲ့ မဖြေရှင်းတတ်တဲ့အခါ မူးယစ်ဆေးလို ဆိုးရွားတဲ့ စွဲလမ်းမှုနဲ့ ဖြေရှင်းမိရာကနေ စွဲလမ်းသွားတာမျိုး ဖြစ်ပါတယ်။
"ဇီဝဗေဒအချက်"
မိသားစု ပြဿနာ ပတ်ဝန်းကျင်မှာ အလွယ်တကူ ရယူနိုင်မှု၊ အပေါင်းအသင်းတွေရဲ့ ဖိအား၊ လုပ်ငန်းခွင်ဖိစီးမှု…စတာတွေကြောင့်လည်း စမ်းသုံးမိရာကနေ စွဲလမ်းသွားတာမျိုး ဖြစ်တတ်ပါတယ်။
ခေါင်းစဉ်တစ်ခုလုံးကို Download လုပ်ပြီး အခမဲ့ ရယူနိုင်ပါတယ်။