အပြာကားစွဲလမ်းမှု ပြဿနာကို ဖြေရှင်းနည်း


အခုခေတ်လို အင်တာနက်ထွန်းကားလာပြီး သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေးတွေ လက်တကမ်းရယူနေနိုင်ချိန်မှာ လိင်အသားပေးအပြာဇာတ်လမ်းတွေရဲ့ ကိစ္စကလည်း ပိုမိုကျယ်ပြန့်လာနေပါပြီ။ လေ့လာမှုစစ်တမ်းတွေအရ အသက် (၁၀)နှစ်ကနေ (၁၇)နှစ်အတွင်း အင်တာနက်သုံးစွဲသူ လူငယ်တွေရဲ့ (၄၂)ရာခိုင်နှုန်းဟာ လိင်အသားပေးအပြာအကြောင်း အရာတွေနဲ့ ပတ်သက်နေတယ်လို့ ဆိုပါတယ်။


အပြာကားစွဲလမ်းသူတွေဟာလည်း သာမန်မဟုတ်တဲ့ လိင်ဆက်ဆံမှုပုံစံ၊ စိတ်ကူးယဉ်ဆန်တဲ့လိင်ဆက်ဆံမှုပုံစံတွေကိုစွဲလမ်းလာတတ်ပြီး အကျိုးဆက်အနေနဲ့ လက်တွေ့ဘ၀ အိမ်ထောင်ရေးနဲ့ လိင်မှုရေးရာတွေမှာ ထိခိုက်ခြင်း၊  မကြာခဏကြည့်ခြင်းကြောင့် ဦးနှောက်ကျုံ့လာခြင်း၊ အပြင်တကယ့်လူနေမှုဘဝမှာ မရောင့်ရဲနိုင်ခြင်းတွေ ဖြစ်လာကြတယ်လို့  ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။


ဆိုးရွားတဲ့စွဲလမ်းမှုတွေရဲ့ ရက်စက်ခါးသီးတဲ့ အမှန်တရား(၃)ခု 

...........................................................

အရက်၊ မူးယစ်ဆေး၊ အပြာရုပ်သံ၊ လိင်အပျော်အပါး၊ အလောင်းကစားနဲ့တကွ အခြားဘယ်လို စွဲလမ်းမှုမျိုးပဲဖြစ်စေ ဆောင်းပါးအစပိုင်းမှာဖော်ပြခဲ့တဲ့ စွဲလမ်းမှုဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်ထဲမှာ အကျုံးဝင်သမျှဟာ ဆိုးရွားတဲ့စွဲလမ်းမှု၊ သေစေနိုင်လောက်တဲ့ စွဲလမ်းမှုတွေဖြစ်ပါတယ်။ ဒီစွဲလမ်းမှုတွေမှာ ရက်စက်ခါးသီးလွန်းတဲ့အမှန်တရား(၃)ခု ရှိပါတယ်။

၁) ဒီစွဲလမ်းမှုတွေဟာ ကျွန်တော်တို့ထက် အဆပေါင်းများစွာ ပိုသန်မာကြတယ်

‘ငါ့စိတ်ကို ငါနိုင်ပါ တယ်။ ငါ မစွဲသွား နိုင်ပါဘူး’ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်လွန်ကဲပြီး စမ်းကြည့်တာမျိုး မလုပ်သင့်ပါဘူး။ အကြောင်းကတော့ ကျွန်တော်တို့ မသိလိုက်တဲ့အချိန်မှာပဲ ကျွန်တော်တို့ဘ၀ကို ဖြိုလှဲသွားနိုင်လောက်အောင် သူတို့က သန်မာနေကြလို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ အသိဝင်လာတဲ့အချိန်မှာ နောက်ကျသွားပြီဆိုတဲ့အခြေအနေမျိုး ဖြစ်တတ်ပါတယ်။

၂) ဒီစွဲလမ်းမှုတွေက ကျွန်တော်တို့ရဲ့ အရည်အချင်းနဲ့ ဘ၀အိပ်မက်တွေက ဖျက်ဆီးလေ့ရှိတယ်

လူတိုင်းမှာ စိတ်ကူး အိပ်မက်နဲ့ အရည်အချင်းတွေ ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် ဒီစိတ်ကူးအိပ်မက်နဲ့ အရည်အချင်းတွေကို ပြန်လည် အဖတ်ဆည်လို့မရနိုင်လောက်တဲ့အထိ ဒီစွဲလမ်းမှုတွေက ဖျက်ဆီးလေ့ရှိပါတယ်။ တည်ဆောက်ခါစ စိတ်ကူးအိပ်မက် တွေပဲဖြစ်စေ၊ တည်ဆောက်ပြီးသားစိတ်ကူးအိပ်မက်တွေပဲဖြစ်စေ အကုန်ပြိုလဲပျက်ဆီးသွားအောင် သူတို့လုပ်လေ့ ရှိပါတယ်။

၃) ဒီစွဲလမ်းမှုတွေက ကိုယ်နဲ့စပ်ဆိုင်သူတွေအားလုံးကို ဒုက္ခသောကများစွာ ပေးလေ့ရှိတယ်

ဒီစွဲလမ်းမှုတွေရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို ခံစားရမှာက ကိုယ်တစ်ယောက်တည်းသာမဟုတ်ဘဲ၊ ကိုယ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ မိသားစု ဝင်တွေ၊ ချစ်ရခင်ရတဲ့ မိတ်ဆွေအပေါင်းအသင်းနဲ့ လုပ်ဖော်ဆောင်ဖက်တွေလည်း ပါပါတယ်။ သူတို့တွေလည်း ကိုယ့်ကြောင့် စိတ်ပင်ပန်းခြင်း၊ မလုံခြုံခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်း၊ စိုးရိမ်ပူပန်ခြင်းတွေ ဆိုတဲ့ စိတ်သောကတွေများစွာ ခံစားရမှာ အသေအချာပဲ ဖြစ်ပါတယ်။

"စွဲလမ်းမှုများကို ကုသခြင်း"

ကုသနည်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ ကုသမှုပုံစံတွေကို ခြုံငုံကြည့်ရင် အခြေခံအားဖြင့် (၃)မျိုး တွေ့ရပါတယ်။


၁) ဆေးဝါးအကူအညီနဲ့ ကုသခြင်း - လိုအပ်တဲ့ ဆေးဝါးတွေပေးတာ၊ Cognitive Behavior Therapy (CBT) လို့ခေါ်တဲ့ စိတ်ကုထုံးခံယူတာ၊ ကျွမ်းကျင်ပညာရှင်တွေဆီက နှစ်သိမ့်ဆွေးနွေးပေးမှုကို ခံယူတာမျိုးဖြစ်ပါတယ်။


၂) ပတ်ဝန်းကျင်အကူအညီနဲ့ ကုသခြင်း - ကိုယ်နဲ့ ဘဝတူ လူတွေနဲ့ အတွေ့အကြုံဖလှယ်တာ၊ စွဲလမ်းစရာတွေ ကင်းဝေးတဲ့ ပတ်ဝန်းကျင်တစ်ခုကို ရွှေ့ပြောင်းတာ၊ စိတ်အပြောင်းအလဲဖြစ်အောင် တခြားအလုပ်လေးတွေ သင်ယူစေတာမျိုး ဖြစ်ပါတယ်။


၃) ဘာသာရေးနည်းလမ်းနဲ့ ကုသခြင်း - ဘာသာအသီးသီးမှာလည်း ဒီလိုစွဲလမ်းမှုပြဿနာကို နည်းလမ်းအမျိုးမျိုးနဲ့ ကုသပေးနေကြမယ် ထင်ပါတယ်။ ဒီနေရာမှာတော့ ခရစ်ယာန်တွေရဲ့ နည်လမ်း (သို့မဟုတ်) သမ္မာကျမ်းစာရဲ့ နည်းလမ်းကို ဖော်ပြပေးချင်ပါတယ်။ ဒီလိုစွဲလမ်းမှုပြဿနာနဲ့ ကြုံတွေ့နေရသူတွေကို ကူညီထူမခြင်းနဲ့ ပတ်သက်ပြီး သမ္မာကျမ်းစာက လွတ်မြောက်ခြင်းသို့ ခြေလှမ်း(၃)ဆင့်ကို ဖော်ပြထားတာတွေ့ရပါတယ်။ 

(၁) ရုန်းထွက်လွတ်မြောက်လိုစိတ် ထက်သန်ပြင်းပြမှုရှိခြင်း

စွဲလမ်းမှုနွံထဲကျရောက်သွားသူတိုင်းဟာ လွတ်မြောက်လိုစိတ် မရှိကြပါဘူး။ 


ကိုယ်တိုင်လွတ်မြောက်လိုစိတ်မရှိရင် လွတ်မြောက်အောင် ကူညီပေးဖို့လည်း ခက်ခဲပါတယ်။ ဒါပေမယ့် ကိုယ်တိုင်လွတ်မြောက်လိုစိတ်ရှိသူတွေမှာလည်း လွတ်မြောက်ချင်ပေမယ့် မရုန်းထွက်နိုင်တဲ့အခက်အခဲ ကြီးကြီးမားမားရှိနေပါတယ်။ 


သမ္မာကျမ်းစာထဲမှာ ဒီလိုအကျဉ်း အကျပ်အခြေအနေနဲ့ ကြုံခဲ့ရသူတစ်ဦးရှိပါတယ်။ 


သူက ပြောပါတယ် “ငါဟာ ကိုယ်ကျင့်ချင်တဲ့ အကျင့်ကောင်းကိုတော့ မကျင့်နိုင်ဘဲ၊ မကျင့်ချင်တဲ့အကျင့်ဆိုးကိုပဲ ကျင့်နေမိတယ်။ ဒီလိုအကျင့်ဆိုးကို ကျင့်နေမိတဲ့အခါ ငါကိုယ်တိုင်ကျင့်နေတာ ထက် ငါ့အထဲမှာရှိနေတဲ့ အပြစ်ဆိုတဲ့အမှောင်အင်အားစုကြီးက ကျင့်နေတာဖြစ်တယ်”လို့ ဖွင့်ဟဝန်ခံခဲ့တယ်။


 ဆက်ပြီး သူက “ငါ့ရဲ့အတွင်းစိတ်က ဘုရားရဲ့တရားမြတ်တွေကို နှစ်သက်ပေမယ့်၊ ငါ့ရဲ့ဒီလိုစိတ်ဆန္ဒကောင်းတွေကို ဆန့်ကျင့်ဘက် အမှောင်အင်အားစုတစ်ခုက ထကြွတိုက်ခိုက်နေပြီး ငါ့ကိုအပြစ်လုပ်ဖို့ဖမ်းဆီးသွားတာကို ငါမြင်တယ်”လို့ဆိုပါတယ်။ 


နောက်ဆုံးမှာ သူ့ကိုယ်သူကြည့်ပြီး စိတ်ဓာတ်ကျစွာနဲ့ “ဪ.. ဒုက္ခပါတကား။ ဒီဆိုးရွားတဲ့အသေကောင်ဘ၀ကနေ  ငါ့ကို ဘယ်သူကယ်တင်နိုင်မလဲ”လို့ ငိုညည်းခဲ့ပါတယ်။ 

 

စွဲလမ်းခြင်းနွံထဲနေ ရုန်းထွက်လိုသူတွေဟာ Will Power လို့ခေါ်တဲ့ ကိုယ့်ရဲ့စိတ်ခွန်အားအကူအညီကို အရင်ရှာကြတယ်။ ဒါက စွဲလမ်းခြင်းသိပ်မကြီးမားသေးသူတွေအတွက် အဆင်ပြေနိုင်ပေမယ့်၊ စွဲလမ်းမှုသိပ်ကြီးမားခိုင်မာသွားသူတွေအတွက် ကတော့ Will Power (စိတ်ခွန်အား)တစ်ခုတည်းနဲ့ လွတ်မြောက်ဖို့ မလွယ်ပါဘူး။ ရှင်ပေါလုပြောခဲ့သလိုပေါ့။ ကိုယ့်ရဲ့စိတ် ခွန်အားထက် ပိုပြီးသန်မာလွန်းတဲ့အမှောင်အင်အားစုက ကိုယ့်ကို အမြဲတမ်းထကြွတိုက်ခိုက်နေတော့ အကြိမ်ကြိမ်ပြိုလဲ သွားခဲ့ရတယ်။ 


ဒါပေမယ့် လွတ်မြောက်နယ်မြေကိုရောက်ဖို့ ပထမဆုံးခြေလှမ်းကတော့ “ဒီလိုဆိုးရွားတဲ့အသေကောင်ဘ၀ ကနေ ငါ့ကို ဘယ်သူကယ်နိုင်မလဲ


ငါကိုနေ့စဉ်နှိပ်စက်နေတဲ့ အမှောင်အင်အားစုကို အနိုင်ပြန်တိုက်ခိုက်ဖို့  ငါ့ရဲ့စိတ်ခွန်အား ထက် ပိုသန်မာတဲ့အင်အား power ရှိသေးလား”လို့ တောင့်တောင့်တတမေးဖို့၊ ရုန်းထွက်လွတ်မြောက်လိုစိတ် ပြင်းပြင်းပြပြ ရှိဖို့ လိုအပ်ပါတယ်။


Learn more

(၂) ချွင်းချက်မရှိ ကြိုဆိုလက်ခံသူဆီသို့ ခြေဦးလှည့်လျှောက်လှမ်းခြင်း

ရှင်ပေါလုက သူ့ရဲ့ဆိုးရွားတဲ့အသေကောင်ဘ၀ကနေ ကယ်တင်ပေးနိုင်သူကို သူတွေ့ရှိခဲ့ကြောင်း အခုလို ပြောပြပါတယ်။ 


ငါတို့အရှင်သခင် ယေရှုဘုရားအားဖြင့် ကယ်ဆယ်ကူမတော်မူသော ဘုရားသခင်၏ကျေးဇူးတော်သည် ကြီးလှစွတကား” လို့ ဆိုပါတယ်။ 


ပုံမှန်အားဖြင့် ဒီလိုစွဲလမ်းခြင်းနွံထဲနစ်မွန်းနေသူတွေကို သူစိမ်းတွေမဆိုထားနဲ့၊ ချစ်ခင်သူတွေကတောင် ငြိုငြင်တတ်ကြတာ သဘာ၀ပါ။ ဒီလိုအခြေအနေမှာ ကိုယ့်ကိုယ် ချွင်းချက်မရှိ ကြိုဆိုလက်ခံပေးတာဆိုလို့ ယေရှုဘုရားပဲ ရှိပါတယ်။ 


ယေရှုဘုရားပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ် “ကျန်းမာသူတွေက သမားတော်တွေကို မလိုအပ်ဘူး။ မကျန်းမာ နာနေသူတွေပဲ သမားတော်ကိုလိုအပ်ကြတယ်။ ဖြောင့်မတ်သူတွေအတွက် ငါလာခဲ့တာမဟုတ်ဘူး။ အပြစ်ရဲ့အမှောင်ထဲမှာ ပိတ်မိနေသူတွေအတွက် ငါလာခဲ့တာဖြစ်တယ်”လို့ ဆိုပါတယ်။


 ယေရှုဘုရားရဲ့စကားက အစဉ်အလာအရ ကျွန်တော်တို့ ကြားရလေ့ရှိတဲ့ ‘မကောင်းသူပယ်၊ ကောင်းသူကယ်’ဆိုတဲ့ စကားနဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ 


သူကြွလာခြင်းရဲ့ ရည်ရွယ်ချက်ကိုက မကောင်းသူကို ပယ်ဖို့ မဟုတ်ဘဲ၊ ကယ်ဖို့အတွက် သက်သက်ဖြစ်တယ်လို့ နားလည်ရပါတယ်။ သူ့ခေတ်အခါတုန်းကလည်း လူတကာပစ်ပယ်ထားတဲ့ Social Outcasts တွေကို ကြိုဆိုခဲ့တယ်၊ လက်ခံခဲ့တယ်၊ နွေးထွေးမှုနဲ့ ဘ၀သစ်တစ်ခုကို ပြန်ပေးခဲ့တယ်။ ဘယ်သူမှ မပေးချင်/မပေးနိုင်တဲ့ နွေးထွေးမှုတွေ၊ ချစ်ခြင်းမေတ္တာတွေကို ရက်ရက်ရောရောပေးပြီး လက်ခံခဲ့တယ်။ 


အခုထိလည်း သူဟာ ကြိုဆိုလက်ခံနေဆဲဖြစ်ပါတယ်။ အခြေအနေသတ်မှတ်ချက် မထားဘဲ ချွင်းချက်မရှိ ကြိုဆိုလက်ခံပေးနိုင်သူ/ပေးနေသူ ဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယအချက်အနေနဲ့ တုနှိုင်းမဲ့မေတ္တာရှင် ယေရှုဘုရားဆီကို ခြေဦးလှည့်လာဖို့ လိုအပ်ပါတယ်။ 

Learn more

(၃) အသစ်ပြုပြင်ပြောင်းလဲပေးနိုင်တဲ့ ချစ်ခြင်းမေတ္တာရပ်ဝန်းမှာ ပျော်မွေ့နေထိုင်ခြင်း

ယေရှုဘုရားဟာ Religion ဆိုတဲ့ ဘာသာအယူဝါဒတစ်ခုကို တည်ထောင်ဖို့၊ အယူအဆတစ်ခုကို မိတ်ဆက်ပေးဖို့ မြေကြီး ပေါ် လာခဲ့တာ မဟုတ်ပါဘူး။ 


ရင်းနှီးမှုဆိုတဲ့ Relationship ကိုတည်ဆောက်ဖို့လာခဲ့တာ ဖြစ်ပါတယ်။ ရင်းနှီးကျွမ်းဝင်မှုကို တည်ဆောက်လိုရခြင်းအကြောင်းရင်းကတော့ ချစ်လွန်းလို့ပဲ ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာကိုအခြေခံတဲ့ ရင်းနှီးကျွမ်းဝင်မှု မှာ အသွားအပြန်၊ အပြန်အလှန်ရှိပါတယ်။ ဒီလိုချစ်မေတ္တာရပ်ဝန်းမှာ တည်ဆောက်ထားတဲ့ရင်းနှီးကျွမ်းဝင်မှုမှာ Power စွမ်းအားရှိပါတယ်။ 


မလုပ်နိုင်တာကို လုပ်လာနိုင်အောင် ကူညီပေးတယ်။ မပေးနိုင်တာကို ပေးနိုင်အောင် ကူညီပေးတယ်။ အရင်နဲ့မတူတဲ့ ရဲရင့်မှုတွေကို မွေးဖွားပေးတယ်။ 


အနစ်နာခံမှုတွေကို အလိုအလျောက် ဖြစ်ထွန်းစေတယ်။ ဒါဟာ အတွင်း ကနေ အပြင်ဘက်ကို Inside-out ပြောင်းလဲပေးခြင်းမျိုး ဖြစ်ပါတယ်။ ယေရှုဘုရားရဲ့ချစ်ခြင်းမေတ္တာကို နှလုံးသားထဲကနေ ခံစားမိလာတဲ့အခါ ကိုယ်ပျော်မွေ့တဲ့အရာ၊ တောင့်တလိုချင်တဲ့အရာတွေက အလိုလိုနဲ့ တဖြည်းဖြည်း ပြောင်းလဲသွားကြပါ တယ်။ 


ဒီချစ်ခြင်းမေတ္တာရပ်ဝန်းမှာတည်ဆောက်ထားတဲ့ ရင်းနှီးပျော်ရွှင်မှုဟာ အမှောင်အင်အားစုထက် အဆပေါင်းများစွာ တန်ခိုးကြီးမားတာကို လက်တွေ့ခံစားရသူတွေလည်း အများကြီးရှိပါတယ်။ 


ဒီနေရာမှာ သိမှတ်ထားဖို့အရေးကြီးတဲ့အချက်က ‘ရုန်းထွက်လွတ်မြောက်ခြင်း၊ ပြောင်းလဲခြင်းက တဒင်္ဂအတွင်းမှာ ဖြစ်လာ နိုင်ပေမယ့် ဒီအရာကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အချိန်ပေးဖို့ လိုအပ်တယ်’ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ လုံး၀ရုန်းထွက် လွတ်မြောက်သွားနိုင်ဖို့  ဘ၀ကိုအသစ်တဖန်မွေးဖွားခဲ့တဲ့ ဘုရားရဲ့ချစ်ခြင်းမေတ္တာရပ်ဝန်းမှာ ပျော်မွေ့နေထိုင်ဖို့ လိုအပ်ပါ တယ်။


Learn more

ခေါင်းစဉ်တစ်ခုလုံးကို Download လုပ်ပြီး အခမဲ့ ရယူနိုင်ပါတယ်။

Download - Page 1 Download - Page 2 Download - Page 3 Download - Page 4 Download - Page 5

ဝေမျှလိုက်ပါ