အလိုဆန္ဒအကြောင်းကို လေ့လာခြင်း

မြို့ပြရဲ့ ဖွဲ့စည်းထားပုံကြောင့် လမ်းတွေရဲ့ အဆုံးမှာ အိမ်တွေရှိနေတတ်ပေမယ့်၊နယ်တွေရဲ့ လမ်းဆုံးမှာတော့ စိုက်ခင်းတစ်ခုခုကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။လူတွေတည်ဆောက်ပြီး ကိုင်တွယ်လို့ရတဲ့အရာမှန်သမျှမှာ အဆုံးရှိကြပါတယ်။


လက်နဲ့ကိုင်တွယ်လို့မရတဲ့၊ ကျွန်ုပ်တို့ရဲ့ အတွင်းပိုင်းမှာသာရှိနေတဲ့ အလိုဆန္ဒတွေမှာလည်း လမ်းဆုံးကို တည်ဆောက်လို့ရနေပါပြီ။


အလိုဆန္ဒမှာ နှစ်မျိုးနှစ်စားရှိမယ်ဆိုရင် တစ်မျိုးကတော့ ကောင်းတဲ့ဆန္ဒဖြစ်နိုင်ပြီး၊ နောက်တမျိုးကတော့ မကောင်းတဲ့ဆန္ဒ ဖြစ်နိုင်ပါတယ်။ကောင်းတဲ့ဆန္ဒထဲမှာဆိုရင် ကျွန်ုပ်တို့ရဲ့ အပြုအမူများကြောင့် အခြားသူများ ထိခိုက်နစ်နာမှု မရှိစေတာမျိုးဖြစ်ပြီး၊ မကောင်းတဲ့ ဆန္ဒကတော့ ကျွန်ုပ်တို့ ကိုယ်တိုင်လည်း မကောင်းတဲ့အကြံအစည်များနဲ့ ရှုပ်ထွေးနေတတ်ပြီး အခြားသူများထံမှ ကိုယ်လိုချင်တဲ့အရာများကို နည်းလမ်းအမျိုးမျိုးနဲ့ ရယူဖို့ ကြိုးစားမှုတို့ ဖြစ်ပါတယ်။


ကောင်းတဲ့ဆန္ဒက ကောင်းတဲ့လူတွေဆီမှာပဲရှိနိုင်ပြီး၊ မကောင်းတဲ့ဆန္ဒကတော့ မကောင်းတဲ့လူတွေမှာပဲတွေ့နိုင်မယ်လို့ ထင်မြင်မိရင်တော့ မှားနိုင်ပါသေးတယ်။


လူကောင်းတွေမှာလည်း အခြေအနေတစ်ခုကြောင့် စိတ်ဆန္ဒပြောင်းလဲမှုတွေ ဖြစ်သွားနိုင်ပါတယ်။ရိုးသားလွန်းတဲ့ ဖခင် (သို့မဟုတ်) မိခင်မှာ တစ်နေ့တော့ သားသမီးတွေကို ကျွေးမွေးဖို့ ငွေကြေးလုံလောက်မှုမရှိလာတဲ့ချိန်မှာ ကြံစည်မရ ဘဝမှာမလုပ်ဖူးတဲ့အရာတစ်ခုကိုလုပ်ဖို့ ဆုံးဖြတ်လာရတာမျိုးတွေလည်း ကြားရမြင်ရလာပါတယ်။


ကောင်းတဲ့လူတွေ၊ ရိုးသားလှတဲ့လူတွေတောင် အခြေအနေအကြပ်အတည်းကြောင့် စိတ်ဖောက်ပြန်သွားကြမယ်ဆိုရင်တော့ ကမ္ဘာကြီးဟာ နေပျော်ဖို့ မကောင်းတော့ဘူးဆိုပြီး စိတ်ပူပန်မိလာကြပါတယ်။ကျွန်ုပ်တို့ကိုယ်တိုင်လည်း လူအများကိုထိခိုက်နစ်နာစေမဲ့ဆန္ဒများရှိရင်အသက်အရွယ်ပေါ်မမူတည်ဘဲ ခုလက်ရှိအသက်အရွယ်မှာတင် မိမိလိုချင်တဲ့ ပုံစံတည်ဆောက်ပြီး အဆုံးသတ်ကြဖို့ လိုအပ်လာပါပြီ။


“ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှလုယူဖျက်ဆီးခြင်းငှါ မတတ်နိုင်” လို့ ယေရှုဘုရားကပြောပါတယ်။


ယေရှုဘုရားနဲ့သာတည်ဆောက်မယ်ဆိုရင် အကြပ်အတည်းဆိုတဲ့အခြေအနေတွေက ကျွန်ုပ်တို့ကို အတင်းအကြပ်ဆွဲလုယူပြီး၊ မကောင်းတဲ့ဆန္ဒလမ်းဘက်ကို ခေါ်ဆောင်သွားနိုင်တော့မှာ မဟုတ်တော့ပါဘူး။လမ်းရဲ့ အဆုံးသတ်လေးကို အကောင်းဆုံးနဲ့ အလှဆုံး တည်ဆောက်နိုင်မှာဖြစ်ပြီး ပြည့်စုံတဲ့ ပျော်ရွှင်ဝမ်းမြောက်မှုကို ရရှိမှာဖြစ်တယ်ဆိုတဲ့ သတင်းကောင်းလေးနဲ့ အဆုံးသတ်ချင်ပါတယ်။ဘယ်အရာမှ လာလုယူလို့မရနိုင်တဲ့


ပျော်ရွှင်မှုနဲ့ ဆက်လက်ရပ်တည်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်နော်။

ဝေမျှလိုက်ပါ