အမြဲတမ်းပျော်ပျော်နေချင်တယ်
ပျော်ရွှင်မှုမှာ ခဏတာ နဲ့ ပုံမှန်ပျော်ရွှင်မှုဆိုပြီး နှစ်မျိုးနှစ်စားခွဲထားကြပါတယ်။ ပုံမှန်ပျော်ရွှင်မှုမှရရှိမယ့် အကျိုးအမြတ်များကတော့ ခဏတာပျော်ရွှင်မှုကနေရရှိတဲ့ အကျိုးရလဒ်တွေနဲ့ ကွာခြားလှပါတယ်။
ခဏတာပျော်ရွှင်မှုမှာကတော့ မိမိကိုယ်ကို ကျေနပ်နှစ်သိမ့်မှုနည်းသလို၊ ဘဝရဲ့ အခြေအနေကောင်းမွန်နေချိန်မျိုးတို့မှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ပုံမှန်ပျော်ရွှင်မှုမှာတော့ မိမိရဲ့ ဖြစ်တည်မှုကို အပြည့်အ၀လက်ခံနိုင်တဲ့အပြင်၊ လောကဓံရိုက်ခတ်ခြင်းခံရပြီး လဲကျသွားရင်တောင် ပြန်ထပြီးဆက်လျှောက်နိုင်တဲ့ဖြစ်စဉ်မျိုးကို ဆိုလိုလေ့ရှိပါတယ်။
များသောအားဖြင့် ကျွန်ုပ်တို့ မသိမမူဘဲ ရွေးချယ်တတ်ကြတာကတော့ ခဏတာပျော်ရွှင်မှုကိုပါပဲ။ ယင်း ခဏတာပျော်ရွှင်မှုကိုလည်း မကြာမကြာခံစားလိုတာကြောင့် အရက်သေစာသောက်သုံးမှုတို့၊ တားမြစ်ဆေးတို့ကိုပါ အသုံးပြုတဲ့အခြေနေထိကို ရောက်ရှိသွားတတ်ပါတယ်။ ဒီလိုဖြစ်စဉ်များကတော့ ကျား၊မ မရွေး ဆယ်ကျော်သက်မှစပြီး လူကြီးအရွယ်တွေမှာလည်း တွေ့မြင်နိုင်ပါတယ်။ လောကဓံလှိုင်းတစ်ချက်ပြန်လာတာနဲ့ ချက်ချင်းဆိုသလို ထိုခဏတာပျော်ရွှင်မှုက ပျောက်ကွယ်သွားတတ်ပါတယ်။
ပျော်ရွှင်မှုအားလုံးကို မကောင်းဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ အရက်သေစာမှရရှိတဲ့ ပျော်ရွှင်မှုနဲ့ မှန်ကန်တဲ့အရာတစ်ခုခုမှရရှိတဲ့ ပျော်ရွှင်မှုဟာ တူညီနိုင်မှာမဟုတ်ကြောင်းကို လက်ခံထားကြပြီးသားဖြစ်ပါတယ်။ပုံမှန်ပျော်ရွှင်မှုမှာရရှိတဲ့ အကျိုးအမြတ်တွေကတော့ ခံစားမှုတစ်မျိုးတည်းသာမဟုတ်ဘဲ အခြားသူနဲ့ ဆက်ဆံရေး၊ လုပ်ငန်းခွင်မှာသာမက၊ ကျန်းမာရေးအတွက်ပါ ကောင်းမွန်သော အကျိုးသက်ရောက်မှုမျိုးကို ရရှိမှာဖြစ်ပါတယ်။
Harvard တက္ကသိုလ်မှ စိတ်ပညာရှင် Daniel Gilbert က ပျော်ရွှင်မှုဆိုတာ “အရာအားလုံးကို ကျွန်ုပ်တို့ နှစ်သက်ခြင်း”မျိုး ဖြစ်ပါတယ်လို့ ထပ်လောင်းပြောထားပါတယ်။ ၎င်းရဲ့ တွေ့ရှိချက်အရ အရာအားလုံးကို နှစ်သက်နိုင်ဖို့ ကျွန်ုပ်တို့ဘက်က တစ်ခုခုကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်လာတယ်လို့ ဖော်ပြထားပါတယ်။ပုံမှန်ပျော်ရွှင်မှုကို မရသေးတဲ့အပြင် သင်ဟာ အမြဲစိတ်ဆင်းရဲပြီး နေပါသလား။ (ဒါမှမဟုတ်) ပြုပြင်လို့ မရတော့မယ့် စိတ်ဆန္ဒရဲ့ စွဲလမ်းခြင်းမျိုးကို နှစ်ပေါင်းများစွာ ခံစားနေရတဲ့သူလား။ဒါဆိုရင် ပုံမှန်ပျော်ရွှင်မှုကိုရရှိဖို့ အောက်ဖော်ပြပါအချက်နဲ့ စတင်ကြည့်ကြရအောင်။
“သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်”
လို့ ယေရှုဘုရား ပြောခဲ့ပါတယ်။ ယေရှုဘုရားပေးတဲ့ စိတ်နှလုံးကို အေးချမ်းခြင်းဟာ ပုံမှန်ပျော်ရွှင်မှုကိုရရှိဖို့ အဓိကသော့ချက်ပဲ ဖြစ်ပါတယ်။ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးသာ သက်သာအေးချမ်းနေပြီဆိုရင် ဘယ်လိုအရာမျိုးကိုမဆို တည်ငြိမ်အေးဆေးစွာ ဖြေရှင်းနိုင်မှာဖြစ်ပြီး၊ ပြဿနာရဲ့ အဖြေများကိုလည်း ကောင်းမွန်စွ စဉ်းစားတွေးခေါ်နိုင်မှာ ဖြစ်ပါတယ်။ ပုံမှန်ပျော်ရွှင်မှုကို ရရှိပိုင်ဆိုင်ပြီးဖြစ်လို့ အခက်အခဲတွေကြုံလာရင်လည်းမမှုဘဲ အမြင့်ကို ဆက်လက်တက်လှမ်းနိုင်ပါလိမ့်မယ်။
ပျော်ရွှင်ပြီး အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်နော်။