"အဓမ္မမှုတွေ ဒီလောက်ဖြစ်ပျက်နေတာကြောင့် တန်ခိုးကြီးတဲ့ချစ်မေတ္တာရှင်ဘုရားဆိုတာ

ရှိပါ့မလား"


ဖြေရှင်းချက်  ၁ - စောဒကမေးခွန်းမှာ အဖြေရှိပြီး ဖြစ်ပါတယ်


ဒီနေရာမှာ ပထမဆုံးတုန့်ပြန်လိုတာက “မကောင်းမှု၊ အဓမ္မမှုရှိနေတယ်ဆိုတဲ့ အသိတရားကိုယ်၌က ဘုရားသခင် အမှန်တကယ်ရှိကြောင်းသက်သေပဲ”လို့

(တချိန်က ဘာသာမဲ့ဖြစ်ခဲ့သူ) အိန္ဒိယနွယ်ဖွား Ravi Zacharias က ဆိုပါတယ်။  ဒီကမ္ဘာမှာ မကောင်းမှုတွေ၊ အဓမ္မမှုတွေ အများကြီးရှိနေတယ်လို့ ကျွန်တော်တို့ပြောတဲ့အခါ တစ်ဖက်မှာ ကောင်းမြတ်ခြင်းတွေလည်း ရှိနေသေးတယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။


ဒီနေရာမှာ လုပ်ရပ် တစ်ခု၊ ဖြစ်ရပ်တစ်ခု၊ အကြောင်းချင်းရာတစ်ခုကို ကောင်းတယ်၊ မကောင်းဘူး၊ ဓမ္မ၊ အဓမ္မရယ်လို့ သတ်မှတ်နိုင် ဖို့ Moral Law ဆိုတဲ့ အခြေတည်ပိုင်းခြားစရာ တရားတစ်ခုရှိတယ်လို့ ဆိုလိုက်ခြင်းလည်း ဖြစ်ပါတယ်။


ဒီတော့ Moral Law ဆိုတာရှိရင် Moral Law Giver (ဆိုတဲ့ ဝေဖန်ပိုင်းခြားစရာတရားကို တည်ခဲ့သူ၊ ပေးခဲ့သူ) လည်း ရှိမှာဖြစ်တယ်။ အကြောင်းကတော့ Moral Law Giver မရှိရင် moral law ဆိုတာလည်း မရှိနိုင်ဘူး။ moral law မရှိရင် ကောင်းမြတ်မှုဆိုတာလည်း မသိနိုင်ဘူး၊ ကောင်းမြတ်မှုဆိုတာမသိနိုင်ရင် မကောင်းမှု၊ အဓမ္မမှုဆိုတာကို လည်း မသိနိုင်ဘူး။ ဒါကြောင့် မကောင်းမှု၊ အဓမ္မမှုတွေရှိနေတယ်ဆိုတဲ့ အသိတရားကိုယ်၌က Moral Law Giver ဖြစ်တဲ့ ဘုရားသခင်အမှန်တကယ်ရှိကြောင်း သက်သေပြလိုက်ခြင်း ဖြစ်ပါတယ်။ သမ္မာကျမ်းစာက ‘လူတွေရဲ့ နှလုံးသားထဲမှာ Moral Law ဆိုတဲ့ ကျင့်ဝတ်တရားကို ရေးထိုးပြဌာန်းထားတယ်’လို့ ဆိုပါတယ်။


The Chronicles of Narnia ဆိုတဲ့ ကမ္ဘာကျော် စိတ်ကူးယဉ်တ္ထုဇာတ်လမ်းတွဲကိုရေးသားခဲ့တဲ့ ဗြိတိသျှ စာရေးဆရာ C.S. Lewis ကလည်း ဒီလိုဖော်ပြခဲ့ဖူးပါတယ်။


“စကြာ၀ဌာကြီးဟာ အရမ်းရက်စက်ပြီး မတရားဘူးလို့ ဘုရားသခင်နဲ့ ပတ်သက်ပြီး ကျွန်တော်ငြင်းခုန်ခဲ့ဖူးတယ်။ ဒါပေမယ့် တရားခြင်း၊ မတရားခြင်းဆိုတဲ့ ဒီအတွေးအမြင်၊ အသိတရားကို ကျွန်တော်ဘယ်ကနေ ရလာတာလဲ။ မျဉ်းဖြောင့်နဲ့ပတ်သက်တဲ့အသိအမြင်မျိုးမရှိဘဲ မျဉ်းတစ်ခုကို ကောက်နေတယ် လို့ ပြောလို့မရနိုင်ဘူး။ ဒါဆိုရင် ကမ္ဘာပေါ်က ဖြစ်ရပ်တချို့ကို ရက်စက်မှု၊ မတရားမှုတွေလို့ ငါပြောတဲ့အခါ ဘယ်အရာ ပေါ် အခြေခံပြီး ငါပြောနေတာလဲ …”ဆိုပြီး သတိပြုတွေးမိလာတယ်။ အဆုံးမှာ တကိုယ်ရည်ပုဂ္ဂလိကအမြင်နဲ့ ယဉ်ကျေးမှုဆိုင်ရာ ဘက်လိုက်မှုတွေအားလုံးရဲ့အထက်မှာတည်ရှိနေတဲ့ ကိုယ်ကျင့်တရားဆိုင်ရာဥပဒေသတွေရဲ့ အရင်းခံအကြောင်းတရားကြီးဖြစ်တဲ့ ဘုရားသခင်တည်ရှိကြောင်း သိမြင်နားလည်လာခဲ့တယ်လို့ ဆိုပါတယ်။


ဒါကြောင့် ဖြစ်ရပ်တစ်ခုခု၊ လုပ်ရပ်တစ်ခုခုကို မတရားမှု၊ အဓမ္မမှုလို့ သိနားလည်ခြင်းကိုယ်၌က အဲဒီလို ပိုင်းခြားသိမြင် နားလည်စေတဲ့ ကိုယ်ကျင့်တရားဆိုင်ရာဥပဒေသကိုထည့်ပေးထားတဲ့ ဘုရားရှိကြောင်း ဖော်ပြနေခြင်းပဲ ဖြစ်ပါတယ်။



ဖြေရှင်းချက် ၂ - လွတ်လပ်စွာ ရွေးချယ်လုပ်ဆောင်ပိုင်ခွင့်က ချစ်တဲ့ဘုရားရှိကြောင်း သက်သေဖြစ်တယ်


အဓမ္မမှုတွေနဲ့ စပ်လျဉ်းပြီး လူတွေလက်မခံနိုင်၊ မခံစားနိုင်ဖြစ်ရခြင်းအကြောင်းအရင်းတစ်ခုက လူတွေဟာ ဒီကမ္ဘာမြေကို Paradise (လောကနိဗ္ဗာန်)လို့ ဖြစ်စေချင်နေကြလို့ပဲ ဖြစ်ပါတယ်။ ဒုက္ခမရှိ၊ ဒုစရိုက်မရှိ၊ သောက မရှိ၊ သေခြင်းမရှိ၊ အဓမ္မမရှိ၊ အမင်္ဂလာတွေမရှိတဲ့ သုခချမ်းသာအတိပြီးတဲ့ လောကနိဗ္ဗာန်လို အခြေအနေမျိုး မျှော်လင့်တောင့်တကြလို့ပဲ ဖြစ်ပါတယ်။ 


သမ္မာကျမ်းစာအရ ဒုက္ခ၊သောကတွေ၊ အဓမ္မနဲ့ ဒုစရိုက်တွေကင်းစင်ခဲ့တဲ့အချိန်တစ်ခု ရှိခဲ့ဖူးပါတယ်။ ဧဒင်ထဲက အချိန်ဟာ ငြိမ်းချမ်းမှု၊ အေးချမ်းမှုနဲ့ သုခချမ်းသာအတိပြီးတဲ့ လောကနိဗ္ဗာန်အချိန်ပါပဲ။ သမ္မာကျမ်းစာအရ လူသားတွေရဲ့ ကနဦးအစဟာ မင်္ဂလာတွေသာ သီးသန့်ခံစားရတဲ့အခြေအနေ၊ ပြီးပြည့်စုံတဲ့ ပတ်ဝန်းကျင်မျိုးနဲ့ အစပြုခဲ့တာပါ။ ဘုရားသခင်ရဲ့အလိုဆန္ဒက လူသားတွေကို ဒီလိုအနေအထားမျိုးနဲ့ ထာ၀ရနေစေချင်ပေမယ့်၊ လူသားတွေအနေနဲ့ ဒီအခြေအနေတစ်ခုလုံးကို မနှစ်သက်ဘူးဆိုရင် ကျောခိုင်းလိုက ကျောခိုင်းနိုင်တဲ့အခွင့်အရေး ကိုလည်း ပေးထားခဲ့ပါတယ်။


အဲဒါကတော့ သူ့အလိုဆန္ဒကိုငြင်းဆန်ပြီး သတိပေးတားမြစ်ချက်ကို ဖောက်ဖျက် ပိုင်ခွင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခွင့်အရေးဟာ အန္တရာယ်ကြီးမားပြီး လူအတွက် ရလဒ်ဆိုးတွေကို ဖြစ်ပေါ် စေလိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။ ဒါပေမယ့် လူဟာ ကိုယ်နစ်နာမယ့်လမ်းကြောင်းကိုပဲ ရွေးချယ်သွားခဲ့ ပါတယ်။ သမ္မာကျမ်းစာအရ ဒါဟာ ဒုက္ခတွေရဲ့ မူလအစ၊ မကောင်းမှု၊ မတရားမှု၊ ဒုစရိုက်မှု၊ အဓမ္မမှုတွေရဲ့ နိဒါန်း လို့ နားလည်ရပါတယ်။ 


‘လူအတွက် ဒီလောက်အန္တရာယ်ရှိပြီး ဆိုးရွားတဲ့အကျိုးဆက်ကိုပဲဖြစ်စေမယ့် ရွေးချယ်ပိုင်ခွင့်မျိုးကို ဘာကြောင့် လူကိုပေးထားရတာလဲ’လို့ ဘုရားကို မေးစရာရှိပါတယ်။ အဖြေကတော့ ချစ်လို့ပါ။ လူကိုချစ်တဲ့အတွက် စက်ရုပ် တစ်ရုပ်လို ဘုရားသခင်က ‘ထားရာမှာပဲနေ၊ ပြောသမျှနားထောင်၊ ဘာဆင်ခြေစောဒကမှ မတက်နဲ့’ ဆိုပြီး လူ့ရဲ့ စိတ်သဘောဆန္ဒနဲ့ ခံစားချက်ကို ဂရုမစိုက်၊ထည့်မတွက်တာမျိုးမလုပ်ခဲ့ဘဲ၊ ဘုရားရဲ့အစီအစဉ်ကို ငြင်းဆန်ပိုင်ခွင့် ပေးထားခဲ့ပါတယ်။ ဒါဟာ လူကိုချစ်လွန်းလို့ လူ့ရဲ့ စိတ်ဆန္ဒနဲ့ ခံစားချက်အတိုင်း လုပ်ဆောင်နိုင်မယ့် အခွင့်အရေး ကို ဖွင့်ပေးခဲ့ခြင်း ဖြစ်ပါတယ်။


ဒီတော့ ပြန်ချုပ်ရရင် မကောင်းမှု၊ မတရားမှု၊ အဓမ္မမှုတွေဟာ လူသားတွေရဲ့ ရွေးချယ်မှုအမှားတွေရဲ့အကျိုးဆက် ဖြစ်ပြီး၊ ဒါဟာလည်း လူတွေကို စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ပေးထားတဲ့ ချစ်ခြင်းမေတ္တာရှင်ဘုရားသခင်ရှိကြောင်း သက်သေပဲဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အချိုတွေစားပြီး ချောင်းဆိုးချွဲသလိပ်ထနေတဲ့ ကလေးငယ်တစ်ယောက် ကိုတွေ့ရလို့ ဒီကလေးကို ချစ်ခင်ကြင်နာပြီး ဂရုစိုက်တစိုက်နဲ့ သတိပေးစောင့်ရှောက်တဲ့မိဘ မရှိဘူးလို့ တထစ်ချ ပြောလို့ မရပါဘူး။ ကလေးကို အတန်တန်သတိပေးပေမယ့် ကလေးရဲ့ လိုချင်တောင့်တပူဆာမှုကို ချစ်လွန်းလို့ ခွင့်ပြုပေးလိုက်ရတဲ့မိဘ၊ မကျန်းမာတဲ့အခါမှာလည်း ပြုစုစောင့်ရှောက်ပေးတတ်တဲ့ မိဘတွေ ရှိနေပါတယ်။


ဒီလိုပါပဲ … ဘုရားရဲ့ ချစ်ခြင်းသဘောကို ‘စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ပေးခြင်းဖြစ်ရပ်’မှာသာမက၊  ‘ရွေးချယ်မှု အမှားရဲ့နောက်ဆက်တွဲအကျိုးဆက်တွေထဲကနေ ကူမကယ်ဆယ်ခြင်းဖြစ်ရပ်’တွေမှာလည်း တွေ့ရပါတယ်။ ကျမ်းသမိုင်းမှာရော၊ ကျမ်းပြင်ပ လူ့သမိုင်းမှာပါ မကောင်းမှု၊အဓမ္မမှုတွေဟာ တချိန်လုံး ကြီးစိုးခြယ်လှယ်ခွင့်ရခဲ့ တာမဟုတ်ဘဲ အရှုံးကြီး ရှုံးနိမ့်ခဲ့ကြပါတယ်။ ဟစ်တလာရဲ့ နာဇီဝါဒအရေးနိမ့်ခဲ့သလို၊ ဂျပန်တွေရဲ့ ဖက်ဆစ်ဝါဒ ဟာလည်း ဆိုးဆိုးရွားရွား အရေးနိမ့်ခဲ့ပါတယ်။ 


ဒါကြောင့် … ဘုရားသာ တကယ်ကြင်နာကောင်းမြတ်တယ်ဆိုရင် မကောင်းမှု၊ အဓမ္မမှုတွေကို ဖျက်ဆီးလိမ့်မယ်

ဘုရားသာ တကယ်တန်ခိုးကြီးမားတယ်ဆိုရင် မကောင်းမှု၊ အဓမ္မမှုတွေကို ဖျက်ဆီးနိုင်လိမ့်မယ်

ဒါပေမယ့် မကောင်းမှု၊ အဓမ္မမှုတွေဟာ ရှုံးနိမ့်ပျောက်ကွယ်ခြင်း မရှိဘူး

ဒါကြောင့် အဲသလို ဘုရားမျိုးလည်း မရှိဘူး … ဆိုတဲ့ စောဒက ကောက်ချက်အစား … 

ကြင်နာကောင်းမြတ်တဲ့ဘုရားရှိနေတဲ့အတွက် မကောင်းမှု၊ အဓမ္မမှုတွေကို သူဖျက်ဆီးလိမ့်မယ်

အနန္တတန်ခိုးရှင်ဘုရားရှိနေတဲ့အတွက် မကောင်းမှု၊ အဓမ္မမှုတွေကို ဖျက်ဆီးနိုင်စွမ်းရှိတယ်

ဒါပေမယ့် မကောင်းမှု၊ အဓမ္မမှုတွေဟာ ရှုံးနိမ့်ပျောက်ကွယ်ခြင်း မရှိသေးဘူး

ဒါကြောင့် တစ်နေ့ကျရင် မကောင်းမှု၊ အဓမ္မမှုတွေကို ဘုရားက အဆုံးစီရင်ပြီး ရှုံးနိမ့်စေလိမ့်မယ် … လို့ 

ပိုပြီး ခံယူနားလည်သင့်တယ် မဟုတ်ပါလား?


ဒီလောက်ဆိုရင် “မကောင်းမှု၊အဓမ္မမှုတွေရှိနေလို့ တန်ခိုးကြီးတဲ့မေတ္တာရှင်ဘုရား မရှိနိုင်ဘူး”ဆိုတဲ့စောဒကအတွက် အဖြေရရှိပြီလို့ ယုံကြည်ပါတယ်။ 


ဒီလိုဆိုရင် မကောင်းမှုနဲ့ အဓမ္မမှုတွေကြားမှာ ချစ်ခင်ကြင်နာတဲ့ တန်ခိုးရှင်ဘုရားက ဘယ်လိုပုံစံမျိုးနဲ့ ရှိနေတာလဲ?


မကောင်းမှု၊ အဓမ္မမှုတွေကို အသာတကြည် လက်ပိုက်ကြည့်ပြီး ခွင့်ပြုထားတဲ့ဘုရားပုံစံမျိုးအနေနဲ့ ရှိနေတာလား?


တနည်းအားဖြင့် မကောင်းမှု၊ အဓမ္မမှုတွေဟာ ဘုရားရဲ့ ခွင့်ပြုချက်နဲ့ ရှိနေတာလား၊ ဘာကြောင့် ဘုရားသခင်က မကောင်းမှု၊ အဓမ္မမှုတွေကို ခွင့်ပြုရသလဲ…ဆိုပြီး မေးစရာရှိလာပြန်ပါတယ်။


ဒီအကြောင်းကိုတော့ ဒုတိယပိုင်းမှာ ဆက်လက်လေ့လာသွားပါမယ်။

ကျွန်ုပ်တို့ဆီ ရင်ဖွင့်ဆွေးနွေးတိုင်ပင်လိုရင်

ဆက်သွယ်နိုင်ပါတယ်။

ဆက်သွယ်မည် ဒီမှာ နှိပ်ပါ