သမ္မာကျမ်းစာဖတ်ရှုခြင်းက ကိုယ်စိတ်ဝိညာဉ်ကို တကယ် ကျန်းမာစေနိုင်ပါရဲ့လား
Covid-19 ကပ်ရောဂါဘေးကြောင့် စိုးရိမ်ကြောက်ရွံ့မှု၊ စိတ်ဓာတ်ကျမှု၊ ငွေကြေးအကြပ်အတည်းကြောင့် စိတ်ဖိစီးပူပန်မှု၊ သီးခြားခွဲနေရခြင်းကြောင့်အထီးကျန်မှု ...အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကို သမ္မာကျမ်းစာဖတ်ရှုခြင်းက အများကြီးလျှော့ချသက်သာစေခဲ့ကြောင်း မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ လေ့လာချက်စစ်တမ်းတစ်ခုအရ တွေ့ရှိခဲ့ပါတယ်။
အမေရိကရဲ့ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး စင်တာများအဆိုအရ "သမ္မာကျမ်းစာလေ့လာခြင်းအစီအစဉ်တွေက ကပ်ဘေးကာလအတွင်း လူတွေရဲ့ အပြုအမူပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲရေးမှာ ကြီးမားတဲ့အကူအညီဖြစ်စေခဲ့တယ်"လို့ ဆိုပါတယ်။
Baylor University ရဲ့ သုတေသနမှုးများဦးဆောင်ပြီး ဗာဂျီးနီးယားပြည်နယ်၊ Riverside ဒေသတွင်းအကျဉ်းထောင်က အကျဉ်းသူ၊အကျဉ်းသား(၂၁၀)ဦးအပေါ်ပြုလုပ်ခဲ့တဲ့ လေ့လာမှုစစ်တမ်းတစ်ခုအရ
"သမ္မာကျမ်းစာလေ့လာခြင်းဟာ စိုးရိမ်ကြောက်ရွံ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေလိုစိတ်အတွေးတွေကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့တဲ့အပြင် ခွင့်လွှတ်စိတ်၊ ကြံ့ကြံ့ခံစိတ်နှင့် သနားကြင်နာစိတ်တွေလို တန်ဖိုးရှိတဲ့စိတ်ဓာတ်အရည်အသွေးတွေကိုလည်း တိုးတက်စေခဲ့ကြောင်း" တွေ့ရှိခဲ့ပါတယ်။
ဒီစစ်တမ်းတွေ့ရှိချက်ရလဒ်နဲ့ပတ်သက်ပြီး အမေရိကန်သမ္မာကျမ်းစာအသင်းရဲ့ စိတ်ဒဏ်ရာကုသမှုဌာနရဲ့အမှုဆောင်ဒါရိုက်တာဖြစ်သူ Nicole Martin က အခုလို ရှင်းပြပါတယ်၊
"သမ္မာကျမ်းစာလေ့လာခြင်းက သင့်ရဲ့တွေးပုံကို ပြောင်းလဲစေပါတယ်။ ဝေဒနာအပေါ် သင့်အမြင်၊ အခက်အခဲဒုက္ခတွေနဲ့ပတ်သက်တဲ့ သင့်သဘောထားတွေကို သမ္မာကျမ်းစာဖတ်ရှုလေ့လာခြင်းက ပြောင်းလဲစေပါတယ်"
ဒီစစ်တမ်းတွေ့ရှိချက်တွေကိုအခြေခံပြီး အမေရိကန်သမ္မာကျမ်းစာအသင်းရဲ့ဥက္ကဌနဲ့ CEOဖြစ်သူ Robert Briggs က
"သမ္မာကျမ်းစာဟာ ခံစားမှုပိုင်း၊ ဝိညာဉ်ပိုင်း၊ ကိုယ်ကာယပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အရေးကြီးတဲ့အရင်းအမြစ်ဖြစ်ကြောင်း ပိုပိုပြီးထင်ရှားလာတယ်" လို့ မှတ်ချက်ပေးပါတယ်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလတုန်းက အမေရိကရဲ့ပြည်နယ်(၅၀)မှာရှိတဲ့ လူပေါင်း(၃၃၅၄)ဦးကို အွန်လိုင်းကနေတဆင့်ပြုလုပ်ခဲ့တဲ့ နောက်ထပ်စစ်တမ်းတစ်ခုအရ
"သမ္မာကျမ်းစာဖတ်ရှုခြင်းကြောင့် နှစ်သိမ့်ခြင်း၊ အေးချမ်းခြင်း၊ အားပေးမှုနဲ့ မျှော်လင့်ချက်တွေပိုရှိလာကြောင်း" စစ်တမ်းဖြေဆိုသူအများစုက ဖွင့်ဟဝန်ခံကြပါတယ်။
ဖြေဆိုသူ(၂၃)ရာခိုင်နှုန်းက "ကိုဗစ်ကာလစိတ်ဖိစီးချိန်မှာ သမ္မာကျမ်းစာဟာ သူတို့အတွက် နှစ်သိမ့်သက်သာမှုရှာဖွေရာ အဓိကနေရာဖြစ်ကြောင်း" ဖော်ပြကြပါတယ်။
အဆိုပါစစ်တမ်းမှာပါဝင်ဖြေဆိုခဲ့သူတွေထဲက (၃၇)ရာခိုင်နှုန်းဟာ ခရစ်ယာန်မဟုတ်ကြပေမယ့် သူတို့ဟာ သမ္မာကျမ်းစာကို အနည်းဆုံး တစ်နှစ်လျှင် (၃-၄)ကြိမ် ဖတ်ရှုကြကြောင်း ဝန်ခံကြပါတယ်။
ဒါကြောင့် အထက်ပါစစ်တမ်းရလဒ်များအရ သမ္မာကျမ်းစာဟာ ကိုယ်စိတ်ဝိညာဉ်ကျန်းမာစေဖို့ ထိရောက်စွာကူညီပေးနိုင်ကြောင်း သိရှိနိုင်ပါတယ်။
ဒီတော့ သမ္မာကျမ်းစာဖတ်ရှုလို့ သင့်အတွက် နစ်နာစရာဘာမှမရှိတဲ့အပြင်၊ ကာယသုခ၊ စိတ္တသုခတွေကိုသာ ပိုင်ဆိုင်ခံစားဖို့ရာသာရှိကြောင်း သတင်းချိုချိုလေး ပါးလိုက်ပါတယ်။
ဒါနဲ့ စကားမစပ် ... သင် ဒီနေ့ ကျမ်းစာဖတ်ပြီးပြီလား?