သမ္မာကျမ်းစာနဲ့ သင့်ကျန်းမာရေး
Barry Pearman ဟာ အကြီးစားစိတ်ကျန်းမာရေးချို့တဲ့သူများကို Mental Health Support Worker အနေနဲ့ရော၊ Community Chaplain အနေနဲ့ပါ နှစ်ကာလအတန်ကြာ အုပ်ထိန်းပြုစုပေးခဲ့သူဖြစ်ပါတယ်။
စိတ်ဖိစီးမှု၊ စိုးရိမ်မှု၊ စိတ်ဓာတ်ကျမှုများနဲ့ ရုန်းကန်နေရသူများစွာကို နှစ်အတန်ကြာပြုစုကုသပေးခဲ့ရာမှ သမ္မာကျမ်းစာရဲ့ထိရောက်မှုကို သူကိုယ်တိုင် မြင်တွေ့ခံစားခဲ့ရပါတယ်။
“သမ္မာကျမ်းစာမှာ နှစ်ကာလ အစဉ်အဆက်ရဲ့ ပညာတရားတွေအပြည့် ပါရှိတာကြောင့်၊ သမ္မာကျမ်းစာဖတ်ရှုခြင်းအားဖြင့် ကိုယ့်ရဲ့စိတ်ကျန်းမာရေးကို ကူညီပေးနိုင်ရုံသာမက မျှော်လင့်ခြင်းနဲ့ ကျန်းမာခြင်းရှိရာနေရာကို ပို့ဆောင်ပေးနိုင်တယ်”လို့ သူက ဆိုပါတယ်။ သမ္မာကျမ်းစာဖတ်ရှုခြင်းက စိတ်ဝိညာဉ်ကျန်းမာရေးအတွက် ဘယ်လိုပုံစံမျိုးနဲ့ ကူညီပေးနိုင်ကြောင်း သူ့ရဲ့ကိုယ်တွေ့အတွေ့အကြုံကို အခုလို ဖော်ပြခဲ့ပါတယ်။
(၁) သမ္မာကျမ်းစာက ကျွန်တော့်လို လူပုဂ္ဂိုလ်တွေရဲ့ဖြစ်ရပ်ဇာတ်လမ်းတွေနဲ့ ချိတ်ဆက်ပေးတယ်။
သမ္မာကျမ်းစာထဲမှာ လူပုဂ္ဂိုလ်များစွာရဲ့ရှင်သန်ပုံ၊ ဘုရားသခင်နဲ့ ဘယ်လိုထိတွေ့ခဲ့ပုံ ဖြစ်ရပ်အကြောင်းအရာတွေ အများကြီး ဖော်ပြထားပါတယ်။ သူတို့တစ်ဦးတစ်ယောက်ချင်းစီကလည်း ကျွန်တော့်လိုပဲ ပြည့်စုံသူတွေ မဟုတ်ကြပါဘူး။
ဒါပေမယ့် သူတို့ရဲ့ဖြစ်ရပ်အကြောင်းအရာတွေကိုဖတ်ရှုဆင်ခြင်တဲ့အခါ ကျွန်တော့်အတွက် ပညာဉာဏ်အလင်း ရရှိစေပြီး၊ မျှော်လင့်ချက်တွေကိုလည်း တွေ့မြင်စေပါတယ်။
(၂) သမ္မာကျမ်းစာက အချိန်ကာလအတိုင်းအဆမဲ့ ပညာတရားများနဲ့ ချိတ်ဆက်ပေးပါတယ်။
သမ္မာကျမ်းစာမှာ အချိန်ကာလအကန့်အသတ်မဲ့ သစ္စာတရားတွေ အပြည့်ရှိပါတယ်။ လူသားမျိုးနွယ်အဆက်ဆက်မှာ ထင်ရှားဖော်ပြခဲ့တဲ့ ဘုရားသခင်ရဲ့ပညာတရားတွေကို သမ္မာကျမ်းစာမှာ တွေ့မြင်နိုင်ပါတယ်။
ဥပမာအားဖြင့် သုတ္တံကျမ်းကို လွန်ခဲ့တဲ့ နှစ် ထောင်ချီအကြာက ရေးသားခဲ့တာဖြစ်ပေမယ့် ယနေ့တိုင် တန်ဖိုးရှိအသုံးဝင်နေဆဲဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။
ဥပမာ ဒီကျမ်းတစ်ပိုဒ်ကို ဖတ်ကြည့်ပါ - "စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူထက်လည်းကောင်း၊၊ မိမိစိတ်ကိုချုပ်တည်းသောသူသည် မြို့ကို တိုက်ယူသောသူထက်လည်းကောင်း သာ၍ကောင်း၏" (သုတ္တံကျမ်း ၁၆း ၃၂)
(၃) သမ္မာကျမ်းစာဟာ ကျွန်တော့်ထက် ပိုကြီးမား၊ကြီးမြတ်တဲ့အရာတစ်ခုနဲ့ ချိတ်ဆက်ပေးတယ်။
သမ္မာကျမ်းစာကို ဖတ်ရှုရင်း၊ဆင်ခြင်ရင်းနဲ့ ကျွန်တော်သိနားလည်လာတဲ့အရာတစ်ခုက "ကျွန်တော့်ဘ၀၊ ကျွန်တော့်ဆန္ဒ၊ ကျွန်တော့်ပန်းတိုင်ထက် ပိုကြီးမား၊ ပိုကြီးမြတ်တဲ့အရာ ရှိနေသေးပါလား၊ အဲဒီအရာနဲ့ ကျွန်တော်ဟာ ချိတ်ဆက်မိနေပါလား"ဆိုတာကို သိမြင်လာခဲ့တယ်။
ဘုရားသခင်ဟာ သူဖန်ဆင်းထားတဲ့အရာတွေနဲ့အတူ လှုပ်ရှားလုပ်ဆောင်လျှက်ရှိနေပြီး၊ သမ္မာကျမ်းစာရဲ့ ကျမ်းအစကနေ ကျမ်းအဆုံးထိ ရှည်လျားကြီးမားတဲ့အကြောင်းအရာကြီးတစ်ခု သက်ဝင်လှုပ်ရှားဖြစ်ပွားနေကြောင်း ကျွန်တော်သတိထားမိလာတယ်။
အဲဒီ့ဇာတ်လမ်းတွဲထဲမှာ ကျွန်တော်လည်း အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်နေကြောင်း သိမြင်လာတယ်။ ကျွန်တော်တို့အတွက် ဘုရားသခင်မှာ အစီအစဉ်ရှိကြောင်းနဲ့ အဲဒီ့ခမ်းနားကြီးကျယ်တဲ့ဇာတ်လမ်းတွဲကြီးထဲမှာ ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်နေကြောင်း စိတ်လှုပ်ရှားစွာ သိမြင်လာတယ်။
အချုပ်အားဖြင့် သမ္မာကျမ်းစာဖတ်ရှုခြင်းကြောင့် သင်ဟာ လူပုဂ္ဂိုလ်တွေ၊ အဖြစ်အပျက်တွေကို ပိုကြီးမားတဲ့အမြင်နဲ့ ရှုမြင်နိုင်လာမယ်၊ သမ္မာကျမ်းစာကတူးဖော်ရရှိတဲ့ ပညာတရားတွေနဲ့ ပြန်သုံးသပ်နိုင်လာမယ်၊ သမ္မာကျမ်းစာထဲက သင့်လို ပုဂ္ဂိုလ်တွေရဲ့ ဖြစ်ရပ်တွေက သင့်အတွက် မျှော်လင့်ချက်နဲ့ ခွန်အားကိုပေးလိမ့်မယ်။
ဒါတွေက သင့်ရဲ့ ကိုယ်စိတ်ဝိညာဉ် ကျန်းမာစေဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။
ဒါနဲ့ စကားမစပ် … သင်ဒီနေ့ ကျမ်းစာဖတ်ပြီးပြီလား?