လူ့ဘ၀ ကောင်းသလား၊ ဆိုးသလား?
တချို့နိုင်ငံတွေမှာ ဘဝဟာ ကောင်းသလား၊ ဆိုးသလားဆိုတာကို လူအများဘယ်လိုခံစားနေရလဲဆိုတဲ့အပေါ် စစ်တမ်းကောက်ယူပြီး မှတ်ချက်ပေးတတ်ကြပါတယ်။
ဥပမာ – လူဦးရေလည်းအလွန်များပြားလှပြီး၊ နိုင်ငံရေး၊ လူမှုရေးမှာလည်း ကွဲပြားတဲ့အတွေးခေါ်များလည်း တည်ရှိနေတဲ့ အမေရိကန်လိုနိုင်ငံမျိုးမှာ လူတွေတကယ်ပျော်ရွှင်ကြရဲ့လား၊ ပျော်ရွှင်နေကြတယ်ဆိုရင်တောင် ဘယ်အတိုင်းအတာလောက်ထိ ပျော်ရွှင်မှုခံစားရပါသလဲ ဆိုတဲ့ မေးခွန်းနဲ့ စစ်တမ်းကောက်ကြပါတယ်။ရာခိုင်နှုန်း(၈၀)ထက်မနည်းက ပျော်ရွှင်ကျေနပ်ကြပါတယ်ဆိုပြီး အဖြေပေးကြပါတယ်။
တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရပြီးသူများကတော့ ပျော်ရွှင်မှုမှာ ရာခိုင်နှုန်း(၉၀)အထက်ရှိကြပါတယ်လို့ Gallup ဆိုတဲ့ Website မှာ ဖော်ပြထားပါတယ်။ကျွန်ုပ်တို့ကိုယ်တိုင်လည်း ခုလက်ရှိပိုင်ဆိုင်ထားတဲ့ အရာဝတ္ထုများနဲ့ဝင်ငွေပေါ်မူတည်ပြီး ဘဝကို ကောင်းသလား၊ ဆိုးသလား ဆိုတာလေးကို ကိုယ့်ကိုကိုယ် အမှတ်ပေးကြမယ်ဆိုရင် မနှစ်ကထက် ဒီနှစ်ကတော့ ကျသွားမလား(သို့မဟုတ်)ပိုပြီးတက်လာမလား။
အကယ်၍ကျလာတယ်ဆိုရင် ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကတော့ ကိုယ့်ရဲ့ မကျေနပ်မှု၊ မပျော်ရွှင်မှုများက ကိုယ့်ရဲ့ မိသားစုအပေါ်ကြီးမားစွာသက်ရောက်သွားနိုင်ပါတယ်။ ပုံမှန် ထမင်းအတူစားရာကနေ၊ ထမင်းအတူမစားဖြစ်တော့တာတို့၊ ညနေပိုင်း အတူလမ်းလျှောက်တာတွေအစား တစ်ယောက်တည်း အခန်းထဲမှာတံခါးပိတ်ပြီးနေလိုက်တာတို့၊ တချို့ကတော့ ဒီထက်ပိုပြီး မိသားစုပေါ်(သို့မဟုတ်) သူငယ်ချင်းများအပေါ် ဆူပူမိနိုင်ပါတယ်။
ဒီလိုဖြစ်ရပ်တွေက စက်ဝိုင်းတစ်ခုလိုသံသရာလည်တတ်ပြီး၊ တစ်ဦးအပေါ်တစ်ဦး တန်ပြန်အကျိုးဆက်သက်ရောက်မှုကလည်း ကြီးသထက်ကြီးမားလာတတ်ပါတယ်။
ဒီလိုဆိုရင် ဘ၀မှာ အဆိုးတွေချည်းပဲ ရှိနေတာလား၊ အကောင်းတွေမရှိတော့ဘူးလား?
တကယ်တော့ လူအချို့ထင်မြင်ယူဆကြသလို အဆိုးသက်သက်တော့ မဟုတ်ပါဘူး။ အကောင်းတွေလည်း ဒွန်တွဲပြီးရှိနေပါတယ်။ သတင်းကောင်းတစ်ခုက ဘ၀ရဲ့အဆိုးအကောင်းတွေကြားမှာ ကျွန်ုပ်တို့နဲ့အတူ ရင်ဆိုင်ဖြေရှင်းပေးမယ့် အားကိုးစိတ်ချစရာ ယေရှုဘုရား ရှိသေးပါတယ်။
ပျော်ရွှင်ဖွယ်နေ့သစ်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။