ဘဝဒဏ်ရာ၊ ဘဝပညာ
ကျွန်တော်တို့ ဟာ ဒဏ်ရာတွေနဲ့ပတ်သက်လာရင် အမှောင်ဘက်ခြမ်းကို ပိုမြင်တတ်ကြပါတယ်။ ဒါပေမယ့် ဒဏ်ရာတွေက အဆိုးတွေချည်းသက်သက်ကိုပဲ
ဖြစ်စေတာမဟုတ်ပါဘူး။
ကောင်းကျိုးချမ်းသာတွေလည်း အများကြီးဖြစ်စေပါတယ်။ ဒီနေ့မှာတော့ ဒဏ်ရာတွေကပေးတဲ့ အကျိုးကျေးဇူးတချို့ကို ဖော်ပြပေးလိုပါတယ်။
(၁) ဒဏ်ရာတွေက စာနာတတ်ဖို့ ကျွန်တော်တို့ကို သင်ပေးတယ်။
ကိုယ်တိုင်ကြုံဖူးမှ တခြားသူတွေကို ပိုပြီးစာနာနားလည်ပေးနိုင်တာ လူ့သဘာ၀ပါ။ ကျွန်တော်တို့ကိုယ်တိုင် ဒုက္ခရောက်ဖူး၊ သစ္စာဖောက်ခံရဖူး၊ နာကျင်ခဲ့ဖူးမှ တခြားသူတွေကိုလည်း ထပ်တူစာနာပေးနိုင်တာပါ။ ဒါကြောင့် ဒဏ်ရာတွေက လူသားချင်းစာနာထောက်ထားတတ်ဖို့ သင်ပေးတဲ့ အကောင်းဆုံးဆရာတစ်ပါးပါပဲ။
(၂) ဒဏ်ရာတွေက ဆင်ခြင်လုပ်တတ်ဖို့ ကျွန်တော်တို့ကို သတိပေးတယ်။
အချိန်တော်တော်များများမှာ ကျွန်တော်တို့တွေဟာ မြန်မြန်ပြီးမြောက်၊ မြန်မြန်အောင်မြင်၊ မြန်မြန်ကြီးပွား၊ မြန်မြန်ကျန်းမာချင်ကြတာကြောင့် တခါတရံ တစွတ်ထိုးလုပ်မိကြရင်း ဆုံးရှုံးနစ်နာမှုဒဏ်ရာတွေ ဘ၀မှာ ကြုံရတတ်ပါတယ်။ ဒီအခါမှ ဆင်ဆင်ခြင်ခြင်၊ တွေးတွေးဆဆလုပ်တတ်ဖို့ အသိတရားဝင်လာတတ်ပါတယ်။
ဒဏ်ရာတွေက ကျွန်တော်တို့အရှိန်ကို ရပ်တန့်ပေးလိုက်သလိုဖြစ်ပေမယ့်၊ ပိုမိုပညာသတိရှိစွာလုပ်ဆောင်တတ်ဖို့ သတိပေးလိုခြင်း ဖြစ်ပါတယ်။
(၃) ဒဏ်ရာတွေက ဘေးကင်းမယ့်နည်းလမ်းကိုကြံဆတတ်ဖို့ အလင်းပေးတယ်။
ဒဏ်ရာတွေသာ မရခဲ့ဘူးဆိုရင် ကျွန်တော်တို့ဟာ အခြားလမ်းကြောင်း၊ အခြားရွေးချယ်စရာကို ရှာဖွေမိဖို့ ခက်ခဲနိုင်ပါတယ်။ ဒဏ်ရာတွေကြောင့်သာ အန္တရာယ်လျှော့ချပေးနိုင်မယ့်နည်းလမ်း၊ ပိုကောင်းမယ့် တခြားရွေးချယ်စရာကို စဉ်းစားမိလာကြတာပါ။
တနည်းအားဖြင့် ပိုမိုဘေးကင်းပြီး ပိုမိုကောင်းမွန်တဲ့ အရာများစွာဟာ ဒဏ်ရာတွေကြောင့်ဖြစ်ပေါ်လာတဲ့ ဖန်တီးတီထွင်မှုတွေလို့ တောင် ဆိုနိုင်မယ် ထင်ပါတယ်။
(၄) ဒဏ်ရာတွေက ပိုမိုကြံ့ခိုင်လာစေဖို့ အထောက်အကူ ပေးတယ်။
လက်ဝှေးကစားသမားတွေဟာ သူတို့ရဲ့ ချန်ပီယံခရီးလမ်းတလျှောက်မှာ ဒဏ်ရာများစွာ ရရှိခဲ့သူတွေပါ။ ပြိုင်ပွဲမှာသာမက လေ့ကျင့်ကွင်းမှာလည်း ဒဏ်ရာတွေနဲ့ ရင်းနှီးခဲ့ရပါတယ်။ ဒါပေမယ့် ဒဏ်ရာတွေက သူတို့ကို ကြောက်ရွံ့နောက်ဆုတ်စေခြင်းထက် ပိုမိုသန်မာစေတာကို တွေ့ရမှာပါ။ ဘ၀ကြိုး၀ိုင်းမှာလည်း ဒဏ်ရာတွေ ရနိုင်ပေမယ့်၊ ဒီဒဏ်ရာတွေကြောင့် တွန့်ဆုတ်သွားတာမျိုးမဟုတ်ဘဲ ပိုမိုကြံ့ခိုင်လာတဲ့သူသာ ဖြစ်လာသင့်ပါတယ်။
(၅) ဒဏ်ရာတွေက မမြဲခြင်းတရားကို ဆင်ခြင်မိစေဖို့ အကူအညီပေးတယ်။
ဒဏ်ရာတွေကို တရားသဘောအရကြည့်ရင် အို၊နာ၊သေခြင်းဆိုတဲ့ ပျက်ဆီးခြင်းတရားတွေကို ဆင်ခြင်မိစေပါတယ်။ ခန္ဓာရဲ့မမြဲခြင်း၊ စိတ်ရဲ့ပင်ပန်းဆင်းရဲခြင်းကို သတိပြုမိစေပြီး၊ ထာ၀ရတည်မြဲတဲ့ သုခချမ်းသာကို အချိန်ရှိတုန်း အမြန်ရှာဖွေမိအောင် ကူညီပေးတယ်လို့ ဆိုနိုင်ပါတယ်။
(၆) ဒဏ်ရာတွေက ဘုရားနဲ့ ပိုမိုနီးကပ်အောင် တွန်းပို့ပေးတယ်။
‘ခလုတ်ထိမှ အမိတ’ဆိုသလို လူတွေဟာလည်း ဒုက္ခရောက်မှ၊ ဝေဒနာခံစားရတဲ့အခါမှ၊ ဆုံးရှုံးနာကျင်ရခါမှ ဘုရားကို သတိရ၊တမ်းတတတ်ကြပါတယ်။
ဘ၀အခက်အခဲနဲ့ ဒဏ်ရာတွေက “လူရဲ့ သိမြင်စွမ်းဆောင်နိုင်မှုဟာ အကန့်အသတ်ရှိကြောင်း” ထင်ထင်ရှားရှားဖော်ပြလိုက်တာဖြစ်လို့ “အကန့်အသတ်မဲ့ တတ်စွမ်းနိုင်တဲ့ဘုရား၊ သိမြင်နားလည်တဲ့ဘုရား”ထံ ချဉ်းကပ်ခိုလှုံဖို့ တွန်းပို့ပေးပါတယ်။
ဘုရားဆီ လှည့်ပြန်လာဖို့၊ ဘုရားရဲ့မေတ္တာ၊ ခွင့်လွှတ်ခြင်း၊ ပြုပြင်ပေးခြင်းနဲ့ တန်ခိုးတော်တွေကိုခံစားရစေဖို့ကူညီပေးသူဟာ ဒဏ်ရာတွေပဲ ဖြစ်ပါတယ်။
အချုပ်အနေနဲ့ ဒဏ်ရာတွေဆိုတာ ကျွန်တော်တို့အတွက် နာကျင်ခံရခက်စေတာမှန်ပေမယ့်လည်း ကျွန်တော်တို့အတွက် ကောင်းကျိုးချမ်းသာဖြစ်စေမယ့် ပညာတရားတွေကို ရုပ်ဖျက်ပြီး ယူဆောင်လာပေးသူဖြစ်လို့၊ ဒဏ်ရာတွေဟာ တဖက်ကနေကြည့်ရင် ကျွန်တော်တို့အတွက် ရန်သူမဟုတ်ဘဲ မိတ်ဆွေလို့တောင် ခေါ်ဆိုနိုင်မယ် ထင်ပါတယ်။