ဘဝမှာ ပြည့်စုံဖို့
ဘာကအရေးကြီးဆုံး ဖြစ်မလဲ
သစ်ပင်တွေ ရှင်သန်နေဖို့ ရေကို လိုအပ်သလို၊ ပန်းပင်တွေလည်း ပွင့်ချိန်မှာ ပွင့်နိုင်ဖို့ ရေကို ပုံမှန်လိုအပ်ပါတယ်။ ကျွန်ုပ်တို့လူသားတွေလည်း ထို့အတူပင်မဟုတ်ပါလား။
အိမ်တစ်အိမ်ရဲ့ တစ်ဖက်တစ်ချက်မှာ နှင်းဆီပန်းပင်လေးတွေနဲ့ စိမ်းစိုနေတဲ့ မြက်ပင်လေးတွေ ရှိပါတယ်။
နှင်းဆီပန်းပင်တွေရှိနေတဲ့ဘက်ချမ်းမှာတော့ ရာသီဥတုရဲ့ ပူပြင်းတဲ့ ဒဏ်ကို ခံစားရတဲ့အပြင်၊ ရေကိုလည်း ကောင်းစွာ မရရှိပါဘူး။ ဒါပေမဲ့ မြက်ပင်လေးတွေကတော့ ရေကို အချိန်နဲ့တပြေးညီ ရရှိသလို သစ်ပင်ကြီးကောင်းရဲ့ အရိပ်ကိုလည်း ရရှိနေတာ ဖြစ်ပါတယ်။
တစ်နေ့တော့ နှင်းဆီပန်းပင်တစ်ပင်ကစပြီး မြက်ပင်လေးတွေဘက်ခြမ်းကို ကူးပြောင်းဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ကြားမှာ လမ်းကလေး ခြားနေပါတယ်။
ကူးပြောင်းဖို့ ခြေတစ်လှမ်းစလှမ်းလိုက်တာနဲ့ နေပူဒဏ်ကို တိုက်ရိုက်ခံထားရတဲ့ လမ်းကလေးကတော့ နှင်းဆီပန်းပင်ရဲ့ ခြေထောက်လိုဖြစ်တဲ့ အမြစ်ကလေးကို ပူလောင်စေပါတော့တယ်။ နှင်းဆီပန်းပင်လေးကတော့ အသက်ဆက်ရှင်ဖို့ သွားမဲ့ နေရာကိုတော့ ရောက်အောင်သွားဖို့ ခဏတာ ဒုက္ခကို ခံစားလိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အမြစ်ကလေးတွေ လောင်ပြီးရင်း လောင်နေတာကို သိလည်း အားတင်းပြီး ဆက်လျှောက်လမ်းပါတော့တယ်။
နောက်ဆုံးမှာတော့ သူရောက်ရှိချင်တဲ့နေရာကိုရောက်သွားတာလေးကို မြင်လိုက်တဲ့ ကျန်ရှိနေတဲ့ နှင်းဆီပန်းပင်တွေကလည်း သူ့အတိုင်း ကြိုးစားပြီး ရွှေ့ပြောင်းပါတော့တယ်။
အသက်ဆက်ဖို့ မရှိမဖြစ်ရေကိုလည်း ပုံမှန်ရသွားသလို၊ သစ်ပင်ကောင်းရဲ့ အရိပ်အောက်မှာ ဖြစ်သွားတာကြောင့် အလွန်ပူပြင်းတဲ့ နေလောင်ဒဏ်ကိုလည်း တိုက်ရိုက်ခံစားစရာ မလိုအပ်တော့ပါဘူး။
ကျွန်ုပ်တို့ဘဝမှာလည်း နှင်းဆီပန်းပင်တို့ရဲ့ ဖြစ်ရပ်လိုပါပဲ။ နေဆိုတာက သက်ရှိသက်မဲ့အရာအားလုံးအတွက် ကောင်းလှပါတယ်။ ဒါပေမဲ့ နေကပေးတဲ့ ပူပြင်းလှတဲ့ဒဏ်ကို သိလာမှ ရေနဲ့ အရိပ်ကိုသာ ရဖို့ ရွေးချယ်ကြိုးစားတဲ့အချိန်တွေ ရှိပါတယ်။
အကောင်းစား အသုံးအဆောင်တွေ၊ ငွေတွေ ရှိနေမှ ဘဝက အေးချမ်းမယ်လို့ ထင်မိတတ်ကြပါတယ်။ ကြာလာတော့ ဒီအရာတွေကနေ ပေးတဲ့ ဒဏ်ကို စပြီးခံစားလာရတော့မှ တကယ့် အေးချမ်းပြီး ပြည့်စုံတဲ့ဘဝကို ပေးနိုင်တဲ့သူကို လိုအပ်လာမှန်းသိလာပါတယ်။
ငါသည် နူးညံ့သိမ်မွေ့သော စိတ်သဘောရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည် (ယေရှုဘုရား)
ဘဝရဲ့ အခက်အခဲတွေနဲ့ရင်ဆိုင်ရအချိန်တိုင်း သက်သာမှုကိုပေးနိုင်တဲ့ ယေရှုဘုရားရှိတယ်ဆိုတာကို အမြဲသတိရကြရအောင်နော်။