ဒဏ်ရာတွေအတွက် ကျေးဇူးတင်ဖူးပါသလား
ကျေးဇူးတင်စကားတွေ၊ ကျေးဇူးတင်လွှာတွေ မကြာခဏ သင်ကြားဖူး၊ဖတ်ဖူးပါလိမ့်မယ်။ ကျွေးမွေးစောင့်ရှောက်ပေးလို့၊ ပညာသင်ကြားပေးလို့၊ အကူအညီပေးခဲ့လို့ … အစရှိသဖြင့် ကျေးဇူးတင်စရာအကြောင်းတွေ အများကြီးကိုလည်း သင်ကြားဖူးခဲ့ပါလိမ့်မယ်။ ဒါပေမယ့် ဒဏ်ရာတွေအတွက် သင်ကျေးဇူးတင်ဖူးပါသလား?
ဒဏ်ရာပေးခဲ့သူတွေကိုရော ကျေးဇူးတင်ဖူးပါသလား?
ပုံမှန်အားဖြင့် ဘ၀မှာ ဒဏ်ရာနဲ့နာကျင်မှုတွေပေးခဲ့သူတွေအပေါ် ကျေးဇူးတင်လေ့မရှိတဲ့အပြင်၊ နာကျည်းမုန်းတီးမှုတွေတောင် ဖြစ်ကြ၊ခံစားကြ၊ရန်တုန့်ချင်ကြတာ သဘာ၀ပါ။ ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို ရိုက်ချိုးပစ်ခဲ့သူ၊ ကျွန်တော်တို့ရဲ့ အနာဂတ်ကို နင်းချေပစ်ခဲ့သူ၊ ကျွန်တော်တို့အပေါ် သစ္စာမဲ့သူ၊ ကတိမတည်သူ၊ ငြင်းဆန်ခဲ့သူတွေကို ကျေးဇူးတင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာတစ်ခုလို ဖြစ်ပါတယ်။
သူတို့ကြောင့် ကျွန်တော်တို့ဘ၀ နာကျင်ခဲ့ရတယ်၊ ပင်ပန်းခဲ့သမျှတွေ အချည်းနှီးဖြစ်ခဲ့ရတာမှန်ပေမယ့်၊ တဖက်ကနေ ပြန်စဉ်းစားကြည့်ရင် ဒဏ်ရာတွေ၊ နာကျင်မှုတွေကြောင့် ကျွန်တော်တို့ဟာ …
- ပိုပြီး ကြံ့ခိုင်တဲ့သူ ဖြစ်လာတယ်
- ပိုပြီး စာနာတတ်လာတယ်၊ ကိုယ်ချင်းစာတတ်လာတယ်
- ပိုကောင်းမယ့် တခြားနည်းလမ်းတွေကို ရှာဖွေစဉ်းစားမိလာတယ်
- ကိုယ့်ရဲ့အပြုအမူ၊အပြောအဆိုတွေကို ပိုပြီး ဆင်ခြင်သတိပြုတတ်လာတယ်
- အရေးကြီး၊အရေးပါတဲ့အရာတွေကို ပိုပြီးခွဲခြားသိမြင်လာတယ်
- မိတ်ဆွေစစ်၊ မိတ်ဆွေတုတွေကို ခွဲခြားသိလာပြီး၊ မိတ်ဆွေတွေကို တန်ဖိုးထားတတ်လာတယ်
- ဘုရားရဲ့ သတိပေးသံ၊ လက်ကမ်းဖိတ်ခေါ်ကြိုဆိုသံတွေကို ကြားတတ်လာတယ်
- အချုပ်အားဖြင့် ဒဏ်ရာတွေကြောင့် ကျွန်တော်တို့ဟာ ပိုကောင်းတဲ့သူတွေဖြစ်လာတယ်
“သင့်ရဲ့နာကျင်မှုတွေကို ပညာတရားအဖြစ် ပြောင်းလဲပစ်လိုက်ပါလား” ‘Turn your wounds into wisdom.’ ဆိုပြီးပြောခဲ့တဲ့ အိုပရာဝင်းဖရေး (Oprah Winfrey)ဟာ ထင်ရှားတဲ့ TV အစီအစဉ်တင်ဆက်သူ၊ ထုတ်လုပ်သူ၊ စာရေးသူ၊ ရုပ်ရှင်မင်းသမီးနဲ့ လူထုအကျိုးပြုလုပ်ငန်းများလုပ်ဆောင်သူဖြစ်ပေမယ့်၊ သူရဲ့ငယ်ဘ၀နဲ့ မိသားစုဘ၀ဟာ အတော်ကို ဆိုးရွားကြမ်းတမ်းခဲ့ပါတယ်။
ဒါပေမယ့် သူ့အသက်(၁၅)နှစ်အရွယ်ကစပြီး ကိုယ်ရေးမှတ်တမ်းဂျာနယ်တစ်ခုထားရှိကာ နေ့စဉ်မှတ်တမ်းရေးခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ် သူ့မှတ်တမ်းဂျာနယ်စာမျက်နှာတွေမှာ သမီးရည်းစားပြဿနာတွေ၊ ပေါင်းသင်းဆက်ဆံရေးပြဿနာတွေကသာ အများဆုံးနေရာယူခဲ့ပေမယ့်၊ အခုချိန်ပြန်ဖတ်ကြည့်တဲ့အခါတွေမှာ အဲဒီ့အချိန်က နာကျင်မှုဒဏ်ရာတွေဟာ သူ့ဘ၀ တဆစ်ချိုးအပြောင်းအလဲအတွက် အရေးပါတဲ့အရာတွေဖြစ်မှန်း သဘောပေါက်နားလည်လာတယ် လို့ ပြောခဲ့ဖူးပါတယ်။
တချိန်က ဒဏ်ရာတွေဟာ ပညာတရားတွေအဖြစ်ပြောင်းလဲလာတဲ့အခါ ကျေးဇူးတင်စရာတွေ ဖြစ်လာပါတယ်။
အာရပ်စကားပုံတစ်ခုက ပြောသလို ‘နေ့ရက်တိုင်းသာ နေသာနေမယ်ဆိုရင် တကမ္ဘာလုံး သဲကန္တာရ ဖြစ်သွားလိမ့်မယ်၊ နေ့ရက်တိုင်းသာ မိုးရွာနေမယ်ဆိုရင် တကမ္ဘာလုံး ရေအောက်ရောက်သွားလိမ့်မယ်’။ ဒါကြောင့် ဘ၀မှာ အချိုတလှည့်၊ အခါးတလှည့် ကြုံတွေ့ရဖို့ လိုအပ်တာကို သိမြင်နားလည်လာတဲ့အခါ ဒဏ်ရာတွေကိုလည်း တန်ဖိုးထားတတ်လာပြီး၊ ဒဏ်ရာပေးသူတွေကိုလည်း ကျေးဇူးတင်စရာ ဖြစ်လာပါလိမ့်မယ်။
ဒဏ်ရာတွေချည်းပဲ မြင်နေရင်တော့ ကျေးဇူးတင်စရာမရှိပါဘူး၊ ဒဏ်ရာတွေနဲ့အတူ ရောက်ရှိလာတဲ့ ပညာတရားတွေကိုလည်း မြင်လာတဲ့အခါမှာတော့ ကျေးဇူးတင်စရာ မကုန်နိုင်တော့ဘူး။