ဒဏ်ရာတွေကြားက အလှတရား

ဒဏ်ရာတွေ၊ အမာရွတ်တွေက အလှပျက်စေတယ်ဆိုပြီး လူတွေက မနှစ်သက်တတ်ကြပါဘူး။ ဒါပေမယ့် ဒဏ်ရာတွေက တကယ်ပဲ အလှပျက်စေတာ သေချာရဲ့လား၊ အလှတိုးစေတာရော မဖြစ်နိုင်ဘူးလား။ ဒဏ်ရာနဲ့ နာကျင်မှုသက်သက်ချည်းကိုပဲကြည့်မယ့်ဆိုရင်တော့ ဒဏ်ရာကပေးတဲ့အလှတရားကို မြင်နိုင်ဖို့ခက်ခဲပေမယ့်၊ ဒဏ်ရာတွေမှာ အလှတရားကိုထုဆစ်ပေးမယ့် ပညာတရားတွေလည်းရှိနေနိုင်ကြောင်း လေ့လာကြည့်ရအောင်။


(၁) ဒဏ်ရာတွေက အရေးကြီး၊အရေးပါတဲ့အရာကို ခွဲခြားသိမြင်တတ်အောင် သင်ပေးတယ်။

ကျွန်တော်တို့တွေဟာ ယာဉ်တိုက်မှုဖြစ်ခါမှ ဘေးကင်းစွာမောင်းနှင်ခြင်းရဲ့တန်ဖိုးကို နားလည်တတ်ကြသလို၊ ဖျားနာပြီး ကုတင်ပေါ်လှဲနေရချိန်ရောက်မှ ကျန်းမာခြင်းရဲ့တန်ဖိုးကို သိမြင်လာတတ်ကြပါတယ်။ မိသားစုဘ၀ ပြိုကွဲသွားချိန်မှ မိသားစုကို တန်ဖိုးထားရကောင်းမှန်း နားလည်လာတတ်ကြပါတယ်။ တနည်းအားဖြင့် ဒဏ်ရာတွေကြောင့်သာ ကျွန်တော့်တို့ဟာ ကိုယ်လုပ်ဆောင်နေတဲ့အရာတွေကို ခေတ္တပြန်ရပ်တန့်ပြီး ဘ၀မှာ တကယ်အရေးကြီးပြီး၊အရေးပါတဲ့အရာတွေက ဘာတွေလဲဆိုတာကို ခွဲခြားသိမြင်နားလည်လာကြတာ ဖြစ်ပါတယ်။ 


(၂) ဒဏ်ရာတွေက ကျွန်တော်တို့ကို နှိမ့်ချတတ်စေဖို့ သင်ပေးတယ်။

အောင်မြင်မှုတွေဆိုရင် ကျွန်တော်တို့တွေဟာ အများရှေ့ ကြေငြာချင်၊ ဝေမျှချင်၊ ဆင်နွှဲလိုက်ချင်ကြပေမယ့်၊ ဒဏ်ရာတွေကိုတော့ ဖုံးကွယ်ချင်၊ လျှို့ဝှက်ချင်ကြပါတယ်။ ကျွန်တော်တို့ရဲ့နာကျင်မှုတွေကို သူတပါးကို မသိစေချင်ကြတာ လူ့သဘာ၀တစ်ခုပါ။ ဒါကြောင့်လည်း ဒဏ်ရာတွေဟာ ကျွန်တော်ရဲ့ထောင်လွှားချင်စိတ်တွေကို ဦးကျိုးစေပြီး၊ နှိမ့်ချရိုကျိုးစွာနေတတ်ဖို့ သင်ပေးပါတယ်။ 


(၃) ဒဏ်ရာတွေက ကျွန်တော်တို့ကို ရင့်ကျက်လာစေဖို့ ကူညီပေးတယ်။ 

ဒဏ်ရာတွေက ဘ၀ဆိုတာ တချိန်လုံး အမြင့်ကိုပုံမှန်ထောင်တက်နေတာမျိုးမဟုတ်ဘဲ၊ အနိမ့်အမြင့် အတက်အကျတွေနဲ့ ဖွဲ့စည်းထားကြောင်းကို သိနားလည်စေပါတယ်။ ဘ၀ရဲ့အမြင့်ပိုင်းကိုရောက်တဲ့အချိန်တွေမှာ အားရကျေနပ်ကြသလို၊ ဘ၀ရဲ့အနိမ့်မှာ လျှောက်လှမ်းဖြတ်သန်းနေရချိန်မှာလည်း စိတ်အားမငယ်ဖို့ သတိပေးနေသလို ရှိပါတယ်။ လောကဓံက ဘယ်လိုပြောင်းလဲနေပါစေ၊ ဘယ်လောက်ပဲ မတည်မငြိမ်ဖြစ်နေပါစေ၊ ဒဏ်ရာတွေအကြားမှာ လဲပြိုမသွားဘဲ တောင့်ခံရင်း၊ရှေ့ဆက်နိုင်တာဟာ ရင့်ကျက်ခြင်းရဲ့ ထင်ရှားတဲ့လက္ခဏာတစ်ခုပါပဲ။ 


နိဂုံးချုပ်အနေနဲ့ ပြောရရင် ...

ဒဏ်ရာတွေဆိုတာ နာကျင်မှုတွေကိုသယ်ဆောင်လာလေ့ရှိတာကြောင့် ကြိုဆိုဖို့ခက်ခဲတဲ့ ဧည့်သည်ဖြစ်နိုင်ပါတယ်။ သို့ပေမယ့်လည်း ဒဏ်ရာတွေကပေးတဲ့ နာကျင်မှုတွေကိုပဲ မမြင်ပါနဲ့။ ဒဏ်ရာတွေကပေးတဲ့ အဖိုးမဖြတ်နိုင်တဲ့ ပညာတရားနဲ့ သင်ခန်းစာတွေကိုလည်း မြင်နိုင်ဖို့ သတိပြုကြရအောင်။ နောက်တခါ ဘ၀မှာဒဏ်ရာတွေရလာခဲ့ရင် ဘုရားကို နာကျည်းအပြစ်တင်မယ့်အစား ဒဏ်ရာတွေကြားက ဘုရားပေးတဲ့ပညာတရားကို တွေ့မြင်နိုင်ဖို့သာ ဆုတောင်းကြရအောင်။ အကြောင်းကတော့ ဘ၀ရဲ့အလှတရားအစစ်ဟာ ဒဏ်ရာမဲ့ခြင်းအပေါ်မှာမူတည်တာမဟုတ်ဘဲ၊ ပညာတရားပြည့်၀ခြင်းအပေါ်မှာသာ မူတည်တာ ဖြစ်လို့ပါ။


ဝေမျှလိုက်ပါ