တန်ဖိုးရှိတဲ့ လူတွေဆီမှာသာရှိတဲ့ အကျင့်စာရိတ္တများ

“လူမှာအကျင့်၊ ပန်းမှာအပွင့်” ဆိုရိုးစကားရဲ့ အဓိပ္ပာယ်ကတော့ လူတွေဟာ အကျင့်စာရိတ္တ ကောင်းမွန်စွာကျင့်ကြံပြုမူနေထိုင်မှသာ ကောင်းသတင်းကြွယ်ဝပြီး ဘုန်းတန်ခိုးရှိသလို၊ ပန်းတွေကလည်း အပွင့်ကောင်းပွင့်နိုင်မှသာ တန်ဖိုးထားခံရတတ်ပါတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။


ကောင်းမွန်တဲ့အမူအကျင့်များကသာ အခြားသူများရဲ့လေးစားမှုနဲ့ ချစ်ခြင်းမေတ္တာအစစ်အမှန်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ဒါပေမယ့်လည်း လူတချို့ဟာ အာဏာစက်တစ်ခုကိုရရှိဖို့ဆိုရင် လူ့အသက်ပေါင်းများစွာကိုစာနာစိတ်ကင်းမဲ့စွာ ရှင်းလင်းခဲ့ဖူးကြပါတယ်။ တခါတရံမှာ အချို့သောခေါင်းဆောင်တွေဟာ မိမိရဲ့ နိုင်ငံသားတွေကိုတောင် အလားတူ ဝမ်းနည်းဖွယ်ရာအဖြစ်အပျက်များကို ပေးတတ်ကြပါတယ်။


သမိုင်းကြောင်းမှာ အာဏာရှင်လို့ကျော်ကြားခဲ့သူတွေထဲမှာ ဂျိုးဇက်စတာလင်၊ နပိုလီယံ၊ ဟစ်တလာတို့ ပါကြပါတယ်။ သူတို့ရဲ့ အထုပ္ပတ္တိကိုဖတ်ဖူးကြသူ ယခုခေတ်လူငယ်အချို့က သူတို့ရဲ့သမိုင်းတွေကို ပြန်လည်ဖတ်ရတဲ့ချိန်မှာ ဒီပုဂ္ဂိုလ်တွေကို အာဏာရှင်ဆိုတဲ့စကားလုံးထက် ပိုပြီးထူးခြားစွာ လူစီဖာ(နတ်ဆိုး)လို့တောင် သတ်မှတ်လိုက်ကြပါတယ်။


အုပ်ချုပ်ရေးပိုင်းတွေမှာလည်း အများတကာရဲ့ ချစ်ခြင်းမေတ္တာနဲ့ အုပ်ချုပ်စီမံပိုင်ခွင့်ကိုရရှိနိုင်မှသာ ပြည့်စုံပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပြီး၊ ကျွန်ုပ်တို့လို သာမာန်လူတစ်ယောက်ကလည်း လူမှာအကျင့်ဆိုတဲ့အတိုင်း ကောင်းမွန်တဲ့အကျင့်စာရိတ္တကို အစဉ်အမြဲကျင့်ဆောင်ရမှာ ဖြစ်ပါတယ်။ရရှိလာမဲ့အကျိုးကျေးဇူးတွေကို ကျွန်ုပ်တို့တစ်ဦးတည်းသာ ခံစားရရှိမှာ မဟုတ်ဘဲ၊ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်ကလည်း တထပ်တည်းခံစားရရှိမှာ ဖြစ်ပါတယ်။ကောင်းမွန်တဲ့အကျင့်ကိုတည်ဆောက်ဖို့ လိုအပ်ချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ အေးချမ်းပြီး ငြိမ်သက်တဲ့စိတ်နှလုံးဖြစ်နေဖို့ လိုအပ်ပါတယ်။


ပန်းရဲ့ အပွင့်လေးကို လူတွေကြည့်ရင်လည်း စိတ်ကိုအေးချမ်းစေသလို ကျွန်ုပ်တို့ရဲ့ အမူအကျင့်များကလည်း တပါးသူကိုအေးချမ်းစေဖို့ ဖြစ်ပါတယ်။


ဥပမာ- လူတစ်ယောက် စက်ဘီးကလေးစီးပြီး ဖြတ်လာတယ်။ စက်ဘီးပေါ်မှာ မိသားစုအတွက်ရုန်းကန်ဖို့ ဟင်းရွက်၊ ခရမ်းချဉ်သီး၊ အာလူးတို့ကို သယ်လာပါတယ်။ လမ်းပေါ်မှာ လူတွေရှုပ်ထွေးလွန်းတော့ ရှောင်ရင်းနဲ့ သယ်လာတဲ့အရာတွေလမ်းပေါ်ကျသွားချိန်မှာ ကျွန်ုပ်တို့အလျင်စလို သွားစရာရှိရင်တောင် ဝင်ကူညီနိုင်ဖို့ ငြိမ်သက်နေတဲ့စိတ်နှလုံးသားပါဝင်ဖို့ လိုအပ်ပါတယ်။


“ငါ၏ ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏” လို့ ယေရှုဘုရားက ပြောထားပါတယ်။


ယေရှုဘုရားပေးတဲ့ ငြိမ်သက်ခြင်းစိတ်နှလုံးကြောင့် စိုးရိမ်မှုများ ပျောက်ကွယ်သွားပြီး မိမိရဲ့ ပတ်ဝန်းကျင်မှာသာမက ကျွန်ုပ်တို့ မိသားစုအတွင်းမှာလည်း ပြည့်စုံတဲ့ပျော်ရွှင်မှုစစ်စစ်ကိုရရှိနိုင်မှာ ဖြစ်ပါတယ်။ပန်းရနံ့လေးလို မွှေးပျံ့နေကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်နော်။

ဝေမျှလိုက်ပါ