pGefYvTwfay;qyfjcif;qdkif&mar;cGef;rsm;

ဒုတိယကမ္ဘာစစ်ကာလမှာ ဟစ်တလာရဲ့ နာဇီတပ်တွေဟာ လီနင်ဂရက်မြို့ (ယနေ့အခေါ်  စိန့်ပီတာစဘတ်မြို့)ကို ရက်ပေါင်း(၉၀၀)လောက် ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ စစ်သမိုင်းတလျှောက် ရက်အကြာရှည်ဆုံးနဲ့ လူအသေအပျောက်အများဆုံး စစ်တပ်အဝိုင်းခံရမှုလည်း ဖြစ်ပါတယ်။ လပေါင်း (၂၈)လကြာ ပိတ်ဆို့တိုက်ခိုက် ခံရတာကြောင့် လီနင်ဂရက်မြို့သူမြို့သားတွေဟာ စားနပ်ရိက္ခာပြတ်တောက်သွားခဲ့ပြီး လူသိန်းနဲ့ချီ သေဆုံးခဲ့ရပါ တယ်။ ၁၉၄၀ နှစ်တွေမှာ လီနင်ဂရက်မှာရှိတဲ့ Vavilov Research Institute of Plant Industry ဟာ ကမ္ဘာ့အကြီးဆုံး မျိုးစေ့သုတေသနဘဏ်ဖြစ်ပြီး ကမ္ဘာ့တိုက်ကြီး(၅)ခုက သစ်စေ့၊သစ်သီးနဲ့ သစ်မြစ်မျိုးစေ့နမူနာပေါင်း (၃၇၀၀၀၀) ခန့် စုဆောင်းထိန်းသိမ်းထားရာနေရာလည်း ဖြစ်ပါတယ်။ တမြို့လုံးဆာလောင်မွတ်သိပ်နေချိန်မှာ အဆောက်အဦး ထဲကဝန်ထမ်းတွေဟာ တန်နဲ့ချီတဲ့ ဆန်တွေ၊ ဂျုံတွေ၊ ပဲတွေ၊ ပြောင်းတွေကို အလွယ်တကူ ယူစားလို့ရနိုင်ပေမယ့် လုံး၀မစားခဲ့ကြပါဘူး။ မြို့သိမ်းတိုက်ပွဲအပြီးမှာ ဝန်ထမ်း(၂၈)ဦးဟာ အစားအစာတွေပတ်လည်ဝန်းရံနေတဲ့ကြားက အာဟာရပြတ်ပြီး သေဆုံးနေခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။ သူရဲကောင်းဝန်ထမ်းတွေဟာ စစ်အနိဌာရုံနောက်ပိုင်း သီးပင်စားပင်တွေစိုက်ပျိုးဖို့ ကြီးကြီးမားမားလိုအပ်နိုင်တဲ့ မျိုးစေ့ဘဏ္ဍာတိုက်ကြီးကို သူတို့ရဲ့အသက်တွေစတေးခံ ပြီး ထိန်းသိမ်းကာကွယ်ခဲ့ပါတယ်။ ဒီနေရာမှာ မေးစရာမေးခွန်းတစ်ခု ရှိလာပါတယ်။

လူတွေဘာကြောင့် စွန့်လွှတ်ပေးဆပ်နိုင်ကြတာလဲ?

ပုံမှန်အားဖြင့် လူဟာကိုယ်ရှင်သန်ရပ်တည်နိုင်ရေးအတွက် ရှာဖွေလုပ်ဆောင်ဖို့ Programmedရေးဆွဲထားသလိုမျိုး လူ့ရဲ့ဗီဇသန္ဓေမှာကိုက ပါရှိပြီးဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ရှင်သန်ရပ်တည်ရေးကိုစတေးခံပြီး သူတပါးအတွက် စွန့်လွှတ်ပေးဆပ်ဖို့ဆိုတာ တကယ်ထူးခြားပြီး၊ ထူးမြတ်တဲ့အရပါ။ဒီနေရာမှာ ကိုယ်ကျိုးရှု စွန့်လွှတ်ပေးဆပ်ခြင်းနဲ့ ကိုယ်ကျိုးစွန့် ပေးဆပ်ခြင်းဆိုပြီး စွန့်လွှတ်ပေးဆပ်ပုံနှစ်မျိုးရှိပါတယ်။ No Pain No Gain, အနာခံမှ အသာစံရ’ ဆိုတာမျိုးက ကိုယ်ကျိုးရှု စွန့်လွှတ်ပေးဆပ်ခြင်းမျိုးပါ။

၂၀ရာစုအစောပိုင်းရဲ့ စိတ်ဓာတ်မြှင့်တင်ရေးအတွေးအခေါ် ပညာရှင်နဲ့ စာရေးဆရာဖြစ်တဲ့ James Allen က “နဲနဲပဲ အောင်မြင်ချင်ရင်လည်း နဲနဲတော့ စွန့်လွှတ်ရလိမ့်မယ်။ များများအောင်မြင်ချင်သူက များများပေးဆပ်ရလိမ့်မယ်။ ကြီးကြီးမားမားအောင်မြင်ချင်တဲ့သူက ကြီးကြီးမားမား စွန့်လွှတ်ရလိမ့်မယ်’လို့ ဆိုဖူးပါတယ်။