စိတ်ဒဏ်ရာများကို ကုသခြင်း
ကိုယ်ခန္ဓာမှာဖြစ်တတ်တဲ့ဒဏ်ရာတွေလိုပဲ စိတ်ဝိညာဉ်ရဲ့ဒဏ်ရာတွေကိုလည်း ဂရုတစိုက် ကုသဖို့ လိုအပ်ပါတယ်။ မကုသဘဲထားတဲ့ ဒဏ်ရာတွေဟာ နာကျင်မှုကို ပိုမိုကြီးမား၊ ပိုမိုကြာရှည်စေဖို့ပဲ ရှိတာကြောင့် မဖြစ်မနေကုသဖို့ လိုအပ်ပါတယ်။
စိတ်ဝိညာဉ်ရဲ့ဒဏ်ရာတွေကိုကုသရာမှာ ကျွန်တော်တို့အများစု အသုံးပြုလေ့ရှိတဲ့နည်းလမ်း(၃)ခု ရှိပါတယ်။ ပထမနည်းလမ်းကတော့ အချိန်ရဲ့ကုသခြင်း ဖြစ်ပါတယ်။
“အချိန်တွေက ကုစားသွားမှာပါ”ဆိုတဲ့စကားမျိုး ကြားဖူးမှာပါ။ ဒီနည်းလမ်းကတော့ ကာလအတိုင်းအတာတစ်ခု ကြာသည်အထိ အချိန်ပေးရပြီး၊ အချိန်ကြာတာနဲ့အမျှ သက်သာသွားတာမျိုး၊ မေ့ပျောက်သွားတာမျိုး ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ လူအချို့အတွက်အသုံးဝင်သလိုရှိပေမယ့် တိုက်ဆိုင်မှုတွေရှိလာတဲ့အခါတိုင်းမှာ ဒဏ်ရာကိုပြန်ဆွလိုက်သလိုဖြစ်တာကြောင့် လုံး၀ကျန်းမာကောင်းမွန်သွားတာမျိုးတော့ မဖြစ်နိုင်ပါဘူး။
လူသုံးများတဲ့ ဒုတိယနည်းလမ်းကတော့ အစားထိုးကုသခြင်း ဖြစ်ပါတယ်။ ကိုယ့်အပေါ် နာကျင်မှုဒဏ်ရာတွေပေးနေသူတွေကို မေ့ပျောက်သွားနိုင်စေဖို့ အခြားလူတစ်ယောက်နဲ့ အစားထိုးတာမျိုး၊ အရက်၊မူးယစ်ဆေးတွေနဲ့ အစားထိုးတာမျိုး၊ အလုပ်အပေါ် ခေါင်းမဖော်နိုင်အောင် စိတ်နှစ်ပြီးလုပ်လိုက်တာမျိုး … အစရှိတာတွေနဲ့ အစားထိုးခြင်းမျိုးဖြစ်ပါတယ်။ ဒီနည်းဟာလည်း အသုံးဝင်သလိုရှိပေမယ့်၊ များသောအားဖြင့် ခေတ္တခဏအတွက်သာ အကူအညီဖြစ်စေပါတယ်။ အဆိုးဆုံးကတော့ မှားယွင်းတဲ့အရာတွေနဲ့အစားထိုးမိခဲ့ရင် နာကျင်မှုတွေ ပိုတိုးစေဖို့သာရှိလို့ အန္တရာယ်ရှိတဲ့ကုသနည်းလည်း ဖြစ်ပါတယ်။
လူသုံးများတဲ့ တတိယနည်းလမ်းကတော့ ကိုယ့်ရဲ့သူငယ်ချင်းများနဲ့ မိသားစုဝင်များထံ ရင်ဖွင့်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အတော်ထိရောက်အသုံးဝင်တဲ့နည်းလမ်းဖြစ်ပြီး အကျိုးများစေတာမှန်ပေမယ့်၊ ကိုယ်စိတ်ချလက်ချရင်ဖွင့်ပြောပြလို့ရတဲ့သူ၊ ကိုယ့်အပေါ်စာနာကြင်နာမှု ပြည့်၀တဲ့သူ၊ စေတနာမှန်တဲ့သူတွေမဟုတ်ခဲ့ရင် နာကျင်မှုဒဏ်ရာအသစ်တွေ တိုးပွားလာနိုင်လို့ သတိထားရမယ့်ကုသနည်းလည်း ဖြစ်ပါတယ်။
လူသိနည်းပေမယ့် ထိရောက်တဲ့ကုသနည်းတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ ဘုရားနည်းနဲ့ ကုသခြင်းဖြစ်ပါတယ်။
သမ္မာကျမ်းစာက “ထာဝရဘုရားသည် စိတ်နှလုံးကြေကွဲသူတို့ကို နှစ်သိမ့်စေတော်မူ၍၊ သူတို့၏ဒဏ်ရာဒဏ်ချက်များကို ပတ်စည်းတော်မူ၏။ ဘုရားသခင်သည် ကျိုးပဲ့ကြေမွသောနှလုံးသားကို ဘယ်သောအခါမှ မငြင်းပယ်တတ်ပါ” လို့ ဆိုပါတယ်။
ဘုရားနည်းနဲ့ ကုသခြင်းဆိုတာ ဆုတောင်းခြင်းအားဖြင့် ဘုရားထံ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း ရင်ဖွင့်ပြောပြခြင်း၊ သမ္မာကျမ်းစာဖတ်ရှုခြင်းအားဖြင့် ဘုရားရဲ့ စိတ်သဘောနဲ့ ခွန်အားပေးခြင်းကို ခံစားရခြင်း၊ နှုတ်ကပါတ်တရားတော်များကိုကြည့်ရှုခြင်းအားဖြင့် စိတ်ဒဏ်ရာအတွက်ဖြေဆေးကို ရယူခြင်း၊ ခရစ်ယာန်မိတ်ဆွေချင်းများနဲ့ ရင်းနှီးစွားရင်ဖွင့်ပြောပြကာ ဆုတောင်းပေးခြင်းအားဖြင့် သက်သာပေါ့ပါးမှုကို ခံစားရခြင်းပဲ ဖြစ်ပါတယ်။
ဘုရားနည်းနဲ့ ကုသလာတဲ့အခါ ဒဏ်ရာတွေအပေါ် ကျွန်တော်တို့ရဲ့အမြင်၊ ကိုယ့်ကိုနာကျင်စေခဲ့သူတွေနဲ့ အကြောင်းခြင်းရာတွေအပေါ် ကျွန်တော်တို့ရဲ့ သဘောထား၊ ရှေ့ဆက်ခြေလှမ်းနဲ့ အနာဂတ်အမြင်တွေ သိသာကျန်းမာစွာ ထူးခြားပြောင်းလဲသွားပါတယ်။ ဒါကြောင့် ဘုရားနည်းနဲ့ကုသခြင်းဟာ အလျင်မြန်ဆုံးနဲ့ အထိရောက်ဆုံး သက်သာကျန်းမာစေနိုင်တဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့၊ ရှေ့နေလည်းဖြစ်၊ တရားသူကြီးလည်းဖြစ်၊ အတွေးအခေါ်ပညာရှင်နဲ့ စာရေးဆရာလည်းဖြစ်၊ နိုင်ငံရေးသမားလည်းဖြစ်တဲ့ ဆာသောမတ်စ်မိုးပြောခဲ့သလို
“ကောင်းကင်က နှစ်သိမ့်ကုသပေးလို့မရတဲ့ ကြေကွဲဝမ်းနည်းခြင်းဆိုတာ မရှိပါဘူး။ ဒါကြောင့် ဒဏ်ရာရနေတဲ့ နှလုံးသားတွေနဲ့ စိတ်ရဲ့နာကျင်ပင်ပန်းမှုတွေကို ဘုရားဆီသို့သာ ယူလာပါ”လို့ အားပေးတိုက်တွန်းလိုက်ပါတယ်။