"စာနာပေးတတ်တဲ့ လူ(၂)မျိုး"

အင်္ဂလိပ်ဝေါဟာရမှာ Sympathy နဲ့ Empathy ဆိုပြီး အဓိပ္ပာယ်ချင်းဆင်တူတဲ့ စကားလုံးနှစ်ခုရှိပါတယ်။ အဘိဓာန်မှာတော့ Sympathy ကို ‘ကရုဏာ’လို့ဖွင့်ဆိုပြီး၊ Empathy ကိုတော့ ‘စာနာခြင်း၊ မျှဝေခံစားခြင်း’လို့ ဖွင့်ဆိုပါတယ်။ ရုတ်တရက်ကြည့်ရင် ဒီစကားလုံးနှစ်ခုဟာ အဓိပ္ပာယ်ကြီးကြီးမားမား ကွဲပြားမှုမရှိသလိုထင်ရပေမယ့်  Sympathy က စာနာနှစ်သိမ့်ပေးခြင်းမျိုးကိုရည်ညွှန်းပြီး၊၊ Empathy ကတော့ နှလုံးသားချင်း နက်ရှိုင်းစွာ နားလည်ဆက်နွယ်ခံစားစာနာပေးခြင်းမျိုး ဖြစ်ပါတယ်။ 


ဥပမာ - ကိုယ်ဝန်ပျက်ကျသွားလို့ စိတ်ထိခိုက်ဝမ်းနည်းနေသူတစ်ယောက်ကို Sympathy သမားက
“အိုး .. စိတ်မကောင်းလိုက်တာ၊ အနည်းဆုံးတော့ ကိုယ်ဝန်လွယ်ခဲ့ရတယ်ဆိုပြီး ဖြေပါနော်”လို့ နှစ်သိမ့်ပေးချိန်မှာ၊ Empathy သမားကတော့ “ဒီလိုဆုံးရှုံးနာကျင်မှုကို ဘယ်လိုစကားလုံးမျိုးနဲ့ နှစ်သိမ့်အားပေးရမလဲတောင် မသိတော့ဘူး၊ အနည်းဆုံးတော့ အခုလို ရင်ဖွင့်ပြောပြပေးလို့ ကျေးဇူးတင်တယ် …”ဆိုပြီး တဖက်လူ ခံစားနေရတာကို ကိုယ်တိုင်နာကျင်ခံစားရသလို စာနာပေးပါတယ်။ 


မိတ်ဆွေတစ်ယောက်ယောက်က Facebook မှာ အိမ်သားတစ်ယောက်ယောက်ဆုံးရှုံးသွားရချိန်မှာ Sympathy သမားက “RIP”လို့ ရေးပြီး နှစ်သိမ့်ပေးချိန်မှာ၊ Sympathy သမားကတော့
“မိသားစုဝင်တစ်ယောက်ဆုံးရှုံးရတဲ့ ခံစားချက်က ဘာနဲ့မှဖော်ပြလို့မရလောက်အောင် နာကျင်ပါတယ်…”လို့ အစချီပြီး ကိုယ်တိုင်နာကျင်ခံစားရတဲ့ ဖြစ်ရပ်တွေနဲ့ နှစ်သိမ့်အားပေးတတ်ပါတယ်။ 


ဘ၀မိတ်ဆွေများစွာဟာ ကရုဏာသက်စွာနဲ့ ကိုယ့်ကိုအားပေးတတ်ကြပေမယ့်၊ တကယ်တမ်း ထပ်တူထပ်မျှ စာနာခံစားပေးပြီး အဖော်ပြုပေးသူကတော့ နည်းပါးတတ်ပါတယ်။ အလုပ်ပြုတ်ချိန်၊ ကျန်းမာရေးချို့တဲ့ချိန်၊ ငွေကြေးကျပ်တည်းချိန်၊ အချစ်ရေး၊အိမ်ထောင်ရေး အဆင်မပြေချိန်တွေမှာ ဘေးကနေ Cheers! ဆိုပြီး နှစ်သိမ့်အားပေးနေသူတွေ ရှိကောင်းရှိနိုင်ပေမယ့်၊ ကိုယ်ရှိရာ ကွင်းထဲအထိဝင်လာပြီး ပန်းတိုင်အထိ ကိုယ့်ကို တွဲခေါ်ပေးမယ့် ရဲဘော်ရဲဘက်စိတ်ပြည့်၀သူကတော့ ရှာရခက်လောက်အောင် နည်းပါးတတ်ပါတယ်။ 


လူတွေရဲ့ တုန့်ပြန်မှုဟာ ကိုယ်ထင်မှတ်မျှော်လင့်ထားသလိုဖြစ်မလာရင် အခက်အခဲကြောင့်နာကျင်မှုအပြင် လူတွေပေးတဲ့နာကျင်မှုတွေကြောင့် နှစ်ဆပိုပြီး စိတ်ထိခိုက်ဝမ်းနည်းရတတ်ပါတယ်။ ကိုယ်တိုင်မကြုံဖူးရင် တခြားလူကို စာနာကူညီပေးဖို့မလွယ်တာကြောင့် လူတချို့ရဲ့နှစ်သိမ့်အားပေးမှုဟာ အပေါ်ယံဆန်နေတတ်တာ သဘာ၀ပဲ ဖြစ်ပါတယ်။ လူတွေက ကိုယ့်ကိုစိတ်ပျက်ကောင်း၊စိတ်ပျက်စေနိုင်ပေမယ့် ဘုရားကတော့ စိတ်မပျက်စေတတ်ပါဘူး။ 


ယေရှုဘုရားဟာ ကျွန်တော်တို့ရဲ့ခံစားချက်ကို ကောင်းကောင်းစာနာပေးနိုင်သူ ဖြစ်ပါတယ်။
“ယေရှုဘုရားဟာ အနှောင့်အယှက်များစွာကို ကိုယ်တိုင်တွေ့ကြုံခဲ့ပြီး ဒုက္ခဆင်းရဲခြင်းထဲမှာ ကျင်လည်ခဲ့တာကြောင့် နှောင့်ယှက်ခြင်းနဲ့ ဒုက္ခတွေ့ကြုံနေသူတွေကို ကူမဖို့ တတ်နိုင်တယ်”လို့ သမ္မာကျမ်းစာက ဆိုပါတယ်။ 

ဘ၀မှာ ယေရှုဘုရားကို အနည်းဆုံးတစ်ကြိမ်လောက် အားကိုးကြည့်ပါ။ ကိုယ့်ကို စိတ်ပျက်စေမယ့်သူလား၊ ကိုယ့်ကို စိတ်သက်သာစေမယ့်ဘုရားလားဆိုတာ ကွဲကွဲပြားပြားသိနိုင်ဖို့ ကိုယ်တိုင်စမ်းကြည့်၊ အားကိုးကြည့်ပါ။ 


ယေရှုဘုရားကို ဘယ်လိုစမ်းကြည့်ရမလဲဆိုတာ သိလိုပါသလား?

ကျွန်ုပ်တို့ဆီ ရင်ဖွင့်ဆွေးနွေးတိုင်ပင်လိုရင်

ဆက်သွယ်နိုင်ပါတယ်။

ဒီမှာ နှိပ်ပါ ဒီမှာ နှိပ်ပါ

ဝေမျှနိုင်ပါပြီ