ကိုယ်စိတ်ဝိညာဉ် ကျန်းမာစေရာ

သမ္မာကျမ်းစာ

အာရောဂျံပရမံလာဘံ "ကျန်းမာခြင်းသည် လာဘ်တစ်ပါး"လို့ ဆိုရိုးရှိပါတယ်။


ဘာပဲလုပ်လုပ် ကျန်းမာမှ လုပ်နိုင်ပါတယ်။

ပညာသင်မယ်ဆိုလည်း ကျန်းမာမှ၊ အလုပ်လုပ်မယ်ဆိုလည်း ကျန်းမာမှ၊ ခရီးထွက်မယ်ဆိုလည်း ကျန်းမာမှ၊ ကစားမယ်ဆိုလည်း ကျန်းမာမှ၊ အိမ်မှုကိစ္စတွေအတွက်လည်း ကျန်းမာမှ လုပ်နိုင်မှာပါ။


ဒါကြောင့် ကျန်းမာခြင်းဟာ အကောင်းဆုံးနဲ့ အရေးကြီးဆုံးဆုလာဘ်ပဲ ဖြစ်ပါတယ်။

ကျန်းမာခြင်းနဲ့ပတ်သက်ပြီး "အစားလည်း ဆေး၊ ဆေးလည်း အစာ"ဆိုပြီးပြောစမှတ်ရှိကြသလို

အစာနဲ့ဆေးဟာ ကျန်းမာရေးအတွက် အလိုအပ်ဆုံးအရာတွေဖြစ်ပါတယ်။ စိတ်ခန္ဓာကျန်းမာဖို့ အစာနဲ့ဆေးကို မှီဝဲရသလို၊ ကိုယ်စိတ်ဝိညာဉ်ကျန်းမာစေဖို့အတွက် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုမှီဝဲရပါမယ်။


(၁) သမ္မာကျမ်းစာဟာ အစာ ဖြစ်တယ်။
နေ့စဉ်သုံးဆောင်နေကျ အစာအာဟာရတွေတောင် တစ်နပ်မစားရင် တစ်နပ်၊ တစ်ရက်မစားရင် တစ်ရက်၊ တစ်ပါတ်မစားဘဲနေရင် တစ်ပါတ် သိသိသာသာ အားနည်းလာပါတယ်။ သမ္မာကျမ်းစာဟာလည်း

ဒီအတိုင်းပါပဲ၊ ကိုယ်စိတ်ဝိညာဉ်အတွက် အရေးကြီးတဲ့ ပင်မအစာအာဟာရဖြစ်လို့ နေ့စဉ်ဖတ်ရှုလေ့လာဖို့ လိုပါတယ်။


သမ္မာကျမ်းစာဟာ ကိုယ်စိတ်ဝိညာဉ်အတွက်လိုအပ်တဲ့ ခွန်အားသစ်တွေ၊ အမြင်သစ်တွေ၊ ငြိမ်းချမ်းခြင်းတွေ၊ ရဲရင့်ခြင်းတွေ၊ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ မွေးဖွားရာနေရာဖြစ်လို့ သမ္မာကျမ်းစာကိုဖတ်ရှုဖို့ ပျက်ကွက်သွားရင် ပျက်ကွက်သွားခဲ့သမျှကာလအတွက် နှမြောဖွယ်ရာ ကောင်းကျိုးချမ်းသာတွေဆုံးရှုံးရမှာဖြစ်ပြီး၊ ဝမ်းနည်းဖွယ်ရာအကျိုးဆက်တွေ ဖြစ်လာတတ်ပါတယ်။


(၂) သမ္မာကျမ်းစာဟာ ဆေးလည်း ဖြစ်ပါတယ်။
ဆေးလို့ပြောတဲ့အခါ အားဆေး၊ ကာကွယ်ဆေး၊ ပိုးသတ်ဆေးဆိုပြီး အနည်းဆုံး(၃)မျိုးလောက် ခွဲလို့ရပါတယ်။ ဒီလိုပါပဲ၊ သမ္မာကျမ်းစာဟာ ကျွန်ုပ်တို့စိတ်ဝိညာဉ်ကို အားအင်တိုးပွား၊ကျန်းမာကြံ့ခိုင်စေတဲ့ဆေး၊ စိတ်ဝိညာဉ်ရဲ့အညှီအဟောက်၊ အညစ်အကြေးတွေကနေ ကာကွယ်ပေးတဲ့ဆေး၊ မိမိအထဲမှာ

တွယ်ကယ်ငြိနေတဲ့ စိတ်ဝိညာဉ်ရဲ့အဆိပ်အတောက်တွေကို ကုသပေးဖို့၊ ဖြေထုတ်ပေးဖို့ အကောင်းဆုံးဆေးဟာ သမ္မာကျမ်းစာပဲ ဖြစ်ပါတယ်။


နိဂုံးချုပ်အနေနဲ့ သမ္မာကျမ်းစာကိုဖတ်ရှုလို့ ဆုံးရှုံးနစ်နာစရာ ဘာမှမရှိပါဘူး။ သမ္မာကျမ်းစာကို မဖတ်ရှုလိုက်ရလို့သာ "အစာနဲ့ဆေးကို ရှောင်ကြသူတွေလို" ဆုံးရှုံးနစ်နာရမှာပါ။


ဒါနဲ့ စကားမစပ် ... သင်ရော ဒီနေ့ သမ္မာကျမ်းစာ ဖတ်ပြီးပြီလား?

ဝေမျှလိုက်ပါ