သမ္မာကျမ်းစာက ပေးတဲ့
အကျိုးကျေးဇူး(၄)ခု
"လူတစ်ယောက်ရဲ့ဘ၀အတွေးအခေါ်ကို ပုံသွင်းပေးတဲ့အရာနှစ်ခုရှိတယ်။ အဲဒါတွေကတော့ သူ့ရဲ့ပတ်ဝန်းကျင်နဲ့ သူဖတ်နေတဲ့စာအုပ်တွေပဲ"လို့
စာရေးဆရာမြသန်းတင့်က ပြောခဲ့ဖူးပါတယ်။
ဟစ်တလာ၊ ဂျက်လန်ဒန်၊ ဂေါ်ကီ ...အစရှိတဲ့သူတွေဟာ စာအုပ်တွေရဲ့ဩဇာကြီးမားပုံကိုဖော်ပြနေတဲ့သက်သေတွေပဲ ဖြစ်ပါတယ်။
စာအုပ်တကာထဲမှာ စတင်ပုံနှိပ်ခဲ့ချိန်မှ ယနေ့အချိန်အထိ နှစ်စဉ်အရောင်းရဆုံး၊ ပုံနှိပ်ထုတ်ဝေမှုအများဆုံးနဲ့ ဖတ်ရှုသူအများဆုံးစာအုပ်ကတော့ သမ္မာကျမ်းစာပဲ ဖြစ်ပါတယ်။ သမ္မာကျမ်းစာက လူသန်းပေါင်းများစွာရဲ့အတွေးအခေါ်နဲ့ကျင့်ဝတ်ရေးရာကိုသာမက၊ ခေတ်စနစ်နဲ့ ယဉ်ကျေးမှုတွေကိုတောင်
ဩဇာတိက္ကိမကြီးမားစွာ လွှမ်းမိုးပြောင်းလဲစေခဲ့ပါတယ်။
သမ္မာကျမ်းစာကြောင့် မဟတ္တမဂန္ဒီဟာ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာတော်လှန်ဖို့ သိမြင်လာခဲ့ပါတယ်။ သမ္မာကျမ်းစာကြောင့် မာတင်လူသာကင်းဂျူနီယာဟာ လူဖြူလူမဲခွဲခြားမှုရဲ့မတရားမှုအကြောင်းသိမြင်ခဲ့ပြီး အဆုံးတိုင်တွန်းလှန်ဖို့ တွန်းအားနဲ့ထက်သန်မှုရရှိခဲ့ပါတယ်။
သမ္မာကျမ်းစာဟာ ယနေ့တိုင် ဖတ်ရှုသူများရဲ့အတွေးအခေါ်ကို ပုံသွင်းပြောင်းလဲပေးရုံသာမက၊ ကိုယ်စိတ်ဝိညာဉ်ကိုလည်း သက်သာကျန်းမာစေပါတယ်။ သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုလာတဲ့အခါ အောက်ပါအကျိုးကျေးဇူး(၄)ခုကို ခံစားရပါလိမ့်မယ်။
(၁) သမ္မာကျမ်းစာက ပိုကောင်းတဲ့ရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ ကူညီပေးတယ်။
ကျွန်တော်တို့ဟာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်မှုတွေရဲ့အကျိုးဆက်အတိုင်း ရှင်သန်ရတာဖြစ်ပါတယ်။ တခါတရံ ကိုယ့်ကိုယ် ပြန်ဒုက္ခပေးမယ့် ရွေးချယ်မှုနဲ့ဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့ကိုယ်တိုင် ချမှတ်မိတတ်ပါတယ်။ သမ္မာကျမ်းစာက ကျွန်တော်တို့ရဲ့အတွေးအခေါ်တွေကို ပုံသွင်းပြုပြင်ပေးနေတာကြောင့် မှန်ကန်စွာရွေးချယ်ဆုံးဖြတ်တတ်ဖို့
ကူညီပေးပါတယ်။
(၂) သမ္မာကျမ်းစာက သန့်ရှင်းကျန်းမာတဲ့ရှင်သန်နေထိုင်မှုပုံစံနဲ့နေထိုင်နိုင်ဖို့ ကူညီပေးတယ်။
သမ္မာကျမ်းစာထဲက ဘ၀ရှင်သန်နေထိုင်ရေးလမ်းညွှန်ချက်တွေဟာ စိတ်ဝိညာဉ်ကိုဒုက္ခပေးမယ့် ညစ်ညမ်းပြီး၊မသန့်ရှင်းတဲ့အညှီအဟောက်နဲ့ အဆိပ်အတောက်တွေကို ရှောင်ရှားစေပြီး စိတ်ဝိညာဉ်ကိုကျန်းမာ၊သန်မာစေမယ့်အဆုံးအမများနဲ့ တည့်မတ်ပေးတာကြောင့် သမ္မာကျမ်းစာကိုနေ့စဉ်ဖတ်ရှုခြင်းအားဖြင့်
သန့်ရှင်းကျန်းမာစွာ ရှင်သန်နေထိုင်တတ်ဖို့ တွန်းအားဖြစ်စေပါတယ်။
(၃) သမ္မာကျမ်းစာက ကျစ်လစ်ခိုင်မာတဲ့နှစ်သိမ့်သက်သာခြင်းနဲ့ မျှော်လင့်ချက်ကို ပေးပါတယ်။
ဘ၀ရဲ့ပင်ပန်းခက်ခဲချိန်၊ အထီးကျန်ဖိစီးချိန်တွေမှာ သက်သာရာနဲ့ မျှော်လင့်ရာကို လူတိုင်းလိုလားတောင့်တကြပေမယ့် အလွယ်တကူ ရှာမတွေ့နိုင်ကြပါဘူး။ သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်းအားဖြင့် လူအမျိုးမျိုးနဲ့လောကဓံအမျိုးမျိုးအကြောင်း သိနားလည်ခွင့်ရနိုင်ရုံသာမက၊ သမ္မာကျမ်းစာထဲက ဘုရားသခင်ရဲ့ကတိစကားတွေက ကိုယ့်ရဲ့ရှေ့ခရီးအတွက် ခွန်အားဖြစ်စေပြီး၊ မျှော်လင့်ချက်တွေကို ခိုင်မာစေပါတယ်။
(၄) သမ္မာကျမ်းစာက ဘ၀ထဲမှာ ဘုရားကို ရှာတွေ့နိုင်ဖို့ ကူညီပေးတယ်။
သမ္မာကျမ်းစာကိုဖတ်တဲ့အခါ သာမန်စာအုပ်တစ်အုပ်ထက် ပိုတဲ့ခံစားချက်မျိုးကို သင်ခံစားမိပါလိမ့်မယ်။ သမ္မာကျမ်းစာမျက်နှာတွေနဲ့ ကျမ်းစကားတွေကနေတဆင့် ဘုရားရဲ့နက်ရှိုင်းတဲ့မေတ္တာ၊ ကြီးမြတ်တဲ့သစ္စာနဲ့ ရင်းရင်းနှီးနှီးဆက်နွယ်ကျွမ်းဝင်မှုမျိုးကို ခံစားရပါလိမ့်မယ်။ ဒီဘုရားဟာ သမ္မာကျမ်းစာထဲမှာသာမဟုတ်ဘဲ၊ လက်တွေ့ဘ၀ထဲမှာလည်း ရှိနေကြောင်း ခံစားရပါလိမ့်မယ်။ ဒီခံစားချက်က သင့်ကို သက်သာခြင်း၊ အေးချမ်းခြင်း၊ ဝမ်းမြောက်ခြင်း၊ လွတ်မြောက်ခြင်း၊ မျှော်လင့်ခြင်းတွေဆီသို့ ခေါ်ဆောင်ပေးသွားပါလိမ့်မယ်။
နိဂုံးချုပ်အနေနဲ့ သမ္မာကျမ်းစာကိုဖတ်ရှုလို့ ဆုံးရှုံးနစ်နာစရာ ဘာမှမရှိပါဘူး။ သမ္မာကျမ်းစာကို မဖတ်ရှုလိုက်ရလို့သာ ကြီးမားတဲ့အခွင့်အရေးတွေကို
လက်လွှတ်ဆုံးရှုံးနစ်နာရမှာပါ။
ဒါနဲ့ စကားမစပ် ... သင်ရော ဒီနေ့ သမ္မာကျမ်းစာ ဖတ်ပြီးပြီလား?