ခွင့်လွှတ်ခြင်း
cGifhvTwfjcif;qdkwm bmvJ... bmaMumifhcGifhvTwf&rvJ...

ခွင့်လွှတ်ခြင်းဆိုတာ ကိုယ့်ကိုနာကျင်အောင်လုပ်ခဲ့သူကို တန်ပြန်နာကျင်ခံစားရအောင် ပြန်လုပ်ပိုင်ခွင့်ကို လက်လွှတ်လိုက်ခြင်း၊ ကိုယ့်အပေါ် တစုံတယောက်တင်ရှိနေတဲ့ အကြွေးတွေကို လျှော်ပစ်လိုက်ခြင်း၊ ကိုယ့်ရဲ့ စိတ်ထဲကဝန်ထုပ်ကိုလွှတ်ချလိုက်ခြင်းပါ။
ကျူးလွန်သူဆီက တောင်းပန်စကားကြားရဖို့၊ တာဝန်ယူ၊ တာဝန်ခံဖို့ စောင့်မနေဘဲ ကိုယ့်ဘ၀ခရီးကို ကောင်းစွာ ရှေ့ဆက်ဖို့ ရွေးချယ်ခြင်း ဖြစ်ပါတယ်။ နာကျင်စရာအတိတ်ကို အမှတ်ရမိတဲ့အခါဖြစ်စေ၊ နာကျင်စေခဲ့သူနဲ့ တွေ့ဆုံခိုက်မှာဖြစ်စေ နာကျည်းခါးသီးစိတ်မဖြစ်ဘဲ ကောင်းကောင်းဆက်ဆံနိုင်ခြင်း ဖြစ်ပါတယ်။
ခွင့်လွှတ်ခြင်းနဲ့ပတ်သက်လာရင် အများက ပြောလေ့ရှိတဲ့ အမြင်(၃)ခုရှိပါတယ်။ အဲဒါတွေကတော့
၁) ကိုယ့်ရဲ့ နာကျင်ခံစားရမှု မကြာရှည်စေဖို့ ခွင့်လွှတ်ရမယ်၊
၂) ကျူးလွန်သူရဲ့ အပြုသဘောဆောင်တဲ့တုန့်ပြန်မှုကိုကြည့်ပြီး ခွင့်လွှတ်သင့်တယ်၊
၃) ကျန်းမာကောင်းမွန်တဲ့ လူမှု အသိုက်အဝန်းနဲ့ အနာဂတ်ကို မွေးဖွားနိုင်ဖို့ ခွင့်လွှတ်ရမယ် ဆိုပြီး ပြောကြပါတယ်။
ဒီအမြင်(၃)ခုကို သေချာလေ့လာတဲ့အခါ ပထမအမြင်က ကိုယ့်ကိုယ်ကိုယ် အခြေတည် စဉ်းစားတဲ့နည်း၊ ဒုတိယအမြင်က ကျူးလွန်သူကို အခြေတည်စဉ်းစားတဲ့နည်း၊ တတိယအမြင်က လူမှုအဖွဲ့အစည်းကို အခြေတည် စဉ်းစားတဲ့နည်းလို့ အလွယ်မှတ်နိုင်ပါတယ်။
ပထမအမြင်ကို ကုစားခြင်းနည်းလမ်း Therapeutic Approach လို့လည်း ခေါ်တယ်။ ကုစားခြင်းရှုထောင့်အရ “ခွင့်လွှတ်ခြင်းဆိုတာ ကိုယ့်ကိုသက်သာစေဖို့၊ ကျန်းမာစေဖို့၊ လွတ်မြောက်စေဖို့ ဖြစ်တယ်၊ ဒုတိယအမြင်က တော့ ကျူးလွန်သူက သူ့လုပ်ရပ်ကို နောင်တရမှ၊ တောင်းပန်မှ၊ (ဒါမှမဟုတ်) ကိုယ်ခံစားရသလို သူလည်း ထပ်တူခံစားရမှ ခွင့်လွှတ်မယ်ဆိုတာမျိုးဖြစ်ပြီး၊ ဒီအရာက လူအများစုရွေးချယ်ကြတဲ့နည်းလမ်းလို့တောင် ပြောနိုင်ပါတယ်။ တတိယအမြင်ကတော့ လူမှုအသိုက်အဝန်း Community နဲ့ အနာဂတ်ကိုရှေးရှုတဲ့နည်းပါ။ ခွင့်လွှတ်ခြင်းနဲ့ သင့်မြတ်ခြင်းရှိမှသာ ကျန်းမာသန်စွမ်းတဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်မယ်ဆိုတဲ့အမြင်ပါ။
သမ္မာကျမ်းစာကတော့ ခွင့်လွှတ်ခြင်းနှင့်ပတ်သက်ပြီး နောက်ထပ်အခြေတည်စဉ်းစားစရာအချက်(၂)ခုကို ဖော်ပြတယ်။ အဲဒါတွေကတော့
၁) ကျွန်တော်တို့ဟာ ခွင့်လွှတ်ခြင်းခံရသူတွေဖြစ်လို့ သူတပါးကိုလည်း ခွင့်လွှတ်ရမယ်။
၂) ကျွန်တော်တို့ ကိုယ်တိုင် ခွင့်လွှတ်ခြင်းခံရဖို့ သူတပါးကို ခွင့်လွှတ်ရမယ်။ အတိုပြောရရင် ပထမအချက်က “ခွင့်လွှတ်ခြင်းခံရလို့ ခွင့်လွှတ်ပါ”၊ နောက်တချက်က “ခွင့်လွှတ်ခြင်းခံရဖို့ ခွင့်လွှတ်ပါ” လို့ အလွယ်မှတ်နိုင်ပါတယ်။
ခွင့်လွှတ်ခြင်းဟာ အကြီးမြတ်ဆုံးလက်ဆောင်ဖြစ်ပြီး ခွင့်လွှတ်ပိုင်ခွင့်ရှိသူကသာ ပေးနိုင်တဲ့အရာဖြစ်တယ်။ ဒီလောက်ကြီးမြတ်တဲ့လက်ဆောင်ကို ဘုရားက ကျွန်တော်တို့ကိုပေးခဲ့ပြီဖြစ်လို့၊ သူတပါးကိုလည်းပေးမျှဖို့ ဘုရားသခင်က ကျွန်တော်တို့ကို မိန့်ကြားထားခြင်း ဖြစ်ပါတယ်။